ကျုံဒိုး၊ သြဂုတ်(၂၃)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ၊ တောင်ကြာအင်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်က ကျုံဒိုးမြို့နယ် ၊ တောင်ကြာအင်းတံတားထိပ်လမ်းအနီး အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တောင်ကြာအင်းကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် မန်းမြင့်ကျော် ကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ကာ ဒေသခံ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့ကလည်း တောင်ကြာအင်း စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်ကောင်းမာန် သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျုံဒိုးမြို့နယ် တောင်တလာကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ဒေါ်မူးထွန့်လှိုင်ရဲ့ အိမ်မွေးနွား ၄ ကောင် ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒူးပလာယာခရိုင်- သတင်းနှင့်ပြန်ကြားရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.