ကျိုက်ထို၊ သြဂုတ်(၂၃)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ ကရင်နယ်ခြားစောင့် BGF ဘက်ကဦးစီးဖွင့်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် လူမမိတဲ့အတွက် ဆိုင်ကယ်အစီး ၄၀ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

BGF အရာရှိတစ်ဦးဖြစ်တဲ့ကိုဝင်းစိုး ဦးဆောင်ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို သြဂုတ် ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ရဲအင်အား ၃၀ ကျော်က ဖောကားတွေအပါအဝင် ကား ၅ စီးနဲ့ ရောက်ရှိလာပြီးနောက် ဝင်ရောက်စီးနင်းခဲ့တာပါ။

ဒေသခံတွေအဆိုအရ လောင်းကစားဝိုင်းပြုလုပ်နိုင်ဖို့ စစ်တပ်၊ ရဲနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သိန်းရာနဲ့ချီ ပေးထားတာဖြစ်ပြီး တစ်လသာလောင်းကစားခွင့် ပေးအပ်ထားပေမယ့် ရက်ကျော်သွားလို့ ဝင်ရောက်စီးနင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းတပ် ဝင်ရောက်စီးနင်းစဉ် လောင်းကစားသမားတွေ ထွက်ပြေးသွားတဲ့အတွက် ကျန်ရှိတဲ့ ဆိုင်ကယ် အစီး ၄၀ နဲ့လောင်းကစားပစ္စည်းတွေကို စစ်ကောင်စီဘက်က သိမ်းဆည်းသွားပြီး လောင်းကစားရုံတွေကိုတော့ မီးရှို့ဖျက်ဆီးသွားတာပါ။

အဲဒီလောင်ကစားဝိုင်းမှာ ကြက်ဝိုင်း၊ ဖဲ၊ အန်ဂလုံနဲ့ အနီထောင်ဝိုင်းတွေပါဝင်ပြီး နေ့စဉ်လူရာနဲ့ချီ လာရောက်ကစားနေတဲ့အတွက် နာမည်ကြီးတဲ့ လောင်းကစားဝိုင်းတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေက ငွေကြေးရယူပြီး တရားမဝင်လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ခွင့်ပေးအပ်ထားပြီး လိုင်းကြေးအဖြစ် လစဉ်သိန်းရာနဲ့ချီ တောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.