သထုံ၊ သြဂုတ်(၂၂)
မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ ပုရစ်ခိုကျေးရွာအနီး ပတ်ဝန်းကျင်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
သြဂုတ် ၂၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပါ။
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာဖြစ်ပြီး လူနေထိုင်တာမရှိဘူးလို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံထားရပေမယ့် လတ်တလောအခြေအနေမှာ သွားရောက်ကြည့်ရှုသူ မရှိသေးတာကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိမရှိတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
KNU သထုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေတာဖြစ်ပြီး အခုအခါမှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media