တနင်္သာရီ၊ သြဂုတ်(၂၀)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကျေးရွာလမ်းအတိုင်း လမ်းလျှောက်လာတဲ့ အသက် ၃၅ နှစ်အရွယ် ကိုထွန်းဝင်းနိုင်ကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကိုထွန်းဝင်းနိုင်ရဲ့ အလောင်းကို သယ်ဆောင်သွားပြီး မိသားစုထံ ပြန်ပေးတာလည်းမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
သေဆုံးပြီးနောက် ပျောက်ဆုံးနေတဲ့ ကိုထွန်းဝင်းနိုင်ရဲ့ အလောင်းကို ဒေသခံတွေ လိုက်လံရှာဖွေတာတွေရှိပေမယ့် သြဂုတ် ၁၉ ရက်နေ့အထိ ပြန်လည်တွေ့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်က ကိုထွန်းဝင်းနိုင်အလောင်းကို ကျေးရွာအနီးပတ်ဝန်းကျင်ရှိ နေရာတစ်ခုခုမှာ မြေမြှုပ်သွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကစပြီး တမုတ်ချုံ၊ အရှေ့မော်တုံး၊ ထုံခါနဲ့မောတောင်လမ်းပိုင်း၊ တနင်္သာရီမြို့ပေါ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေပြီး ကင်းပုန်းဝပ်တာ၊ စစ် ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ကလည်း တနင်္သာရီတံတားအနီးရှိ ခလရ ၅၆၁ တပ်ဘက်ကနေ ဘန်လောနဲ့ ၆ မိုင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်လို့ ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media