ပုလော၊ သြဂုတ်(၁၉)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အထွက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ ည ၇ နာရီအချိန်က စစ်ကား ၂ စီးနဲ့ ကင်းလှည့်လာတဲ့ တပ်အင်အား ၃၀ နီးပါးပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အချိန် ၂၀ မိနစ်နီးပါးအကြာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပုလောမြို့ အမှတ်(၃) ရပ်ကွက်နေ ဦးမော်တင်ရှားနဲ့ ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ကျည်ထိမှန်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတစ်ဦးကတော့ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိကြောင်း ကြားသိရပေမယ့် အရေအတွက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဒေသဖြစ်တဲ့ ပလမြို့ဟာ တော်လှန်ရေးအင်အားစုတွေ နယ်မြေအများဆုံး ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်တချို့ကိုသာ စိုးမိုးနိုင်တော့တာပါ။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အကြိမ် ၇၀ နီးပါးဖြစ်ပွားထားတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.