တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အပေါ် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေ နဲ့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး တက်ရောက်ဆွေးနွေးနေတဲ့ EAO တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ NCA စာချုပ်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တဲ့အတွက် စာချုပ်ပျက်ပြယ်သွားပြီးဖြစ်သလို လိုက်နာစရာ အကြောင်းမရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့် NCA စာချုပ်အပေါ် PNLO ရဲ့ သဘောထားအမြင်၊ စာချုပ်ပါ အချက်အလက်တွေအပေါ် စစ်ကောင်စီတပ်က လိုက်နာမှု ရှိ မရှိ၊ NCA စာချုပ်ပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး KNU ကတော့ NCA စာချုပ်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တဲ့အတွက် စာချုပ်ပျက်ပြယ်သွားပြီး ဖြစ်သလို လိုက်နာစရာအကြောင်းမရှိဘူးလို့ ပြောဆိုလာတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

NCA ကပျက်ပြယ်တဲ့စာချုပ်မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ တရားဝင်တဲ့ နိုင်ငံရေးစာ တမ်းဖြစ်ပါတယ်။ ဒါပါတဲ့အဖွဲ့တစ်ခုခု၊ လူတစ်ယောက်က ပြောတာနဲ့ ပျက်တယ်ဘာညာမဟုတ်ပါဘူး။ နိုင်ငံ ရေးအရ အမြတ်ထုတ်ချင်လို့ နိုင်ငံရေးအရ အသုံးချလိုက်တဲ့သဘောပါပဲ။ ဥပဒေကြောင်း အရတော့မှားနေပါ တယ်။ လူတစ်ယောက်ကတော့  လွတ်လပ်စွာနဲ့ ပြောကြတာပေါ့။ အဲဒီလိုပြောလိုက်လို့ NCAအပေါ်မှာ ဘာမှ သက်ရောက်မှု မရှိပါဘူး။ တရားဝင်မှု သူ့အတိုင်းပဲ ရှိနေတာပါ။ ဒီကိစ္စက သိပ်များများပြောဖို့ မလိုပါဘူး။

၂။ အရပ်သားတွေကို ကာကွယ်ပေးရမယ်လို့ ပြဌာန်ထားတဲ့ NCA စာချုပ်ပါ အချက်အလက်တွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘာပြောချင်တာ ရှိမလဲ။

တပ်မတော်ကတော့ တစ်နိုင်ငံလုံးကို ထိန်းချုပ်ဖို့လုပ်နေတာတော့ ကျွန်တော်တို့ မပြောနိုင်ဘူး။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင် မြိုနယ်အနေနဲ့ ပြောရင် ခြောက်မြို့နယ်လောက်က အဲဒီ ပုံစံတော့ မရှိပါဘူး။ NCAထိုးထားတဲ့ နယ်မြေမှာလည်း အဲဒီလိုမရှိသလို NCAမထိုးထားတဲ့ ပအိုဝ့်ဒေသ နယ် မြေထဲမှာလည်း အဲဒီလိုပုံစံတော့ မတွေ့ပါဘူး။ သို့သော် တခြားနေရာမှာ တစ်ပြည်လုံးဆိုတော့ ဖြစ်ပျက်တာ တော့ ကျွန်တော်တို့လိုက်မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နယ်မြေမှာတော့  လူထုနဲ့ပတ်သက်ပြီး ဝင်ရောက်ဖျက်ဆီးနှောင့်ယှက် အဲဒီလိုမျိုးလုပ်တာတော့ မရှိပါဘူး။ ပဋိပက္ခနယ်မြေ မဟုတ်လို့လေ။

၃။ နောက်တစ်ခုက NCA စာချုပ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုပြဌာန်းထားတာ ရှိလဲ။

ကျွန်တော်တို့ NCAမှာလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ တပ်မတော်အပါအဝင်ပေါ့။ တိုင်းရင်းသားအား လုံးက ထိန်းချုပ်နယ်မြေထဲမှာ ဝင်ထွက်သွားလာလို့ရှိရင် ကြိုတင်အကြောင်းကြားပြီးတော့ နှစ်ဖက်ညှိနှိုင်းပြီး တော့ သွားလာဖို့ဆိုတဲ့ ပြဌာန်းထားတာ ရှိပါတယ်။ ဒါကအများအားဖြင့်တော့ အဖွဲ့ဝင်အချင်းချင်းပေါ့။ အကြောင်းကြားပြီး သွားတာလာတာကျတော့ ကျွန်တော်တို့ NCAကိုလိုက်နာတဲ့ သဘောပေါ့။ တစ်ခါတလေ NCAစာချုပ်ကို မလိုက်နာတာလည်း ရှိပါတယ်။ တပ်မတော်ကလည်း တစ်ခါတလေ မလိုက်နာပါဘူး။ ထို့အတူ ပဲ NCA ထိုးထားတဲ့ အဖွဲ့အချင်းချင်းမှာလည်း မလိုက်နာတဲ့ အပြုအမူတွေရှိတတ်ပါတယ်။ ကိုယ့်နယ်မြေ၊ သူ့နယ်မြေမရှင်းတော့ ပြဿနာပေါ်တတ်တာလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ရေရှည်ပြသာနာမဟုတ်ပါ ဘူး။ အမြဲတမ်းဖြစ်မှာလည်း မဟုတ်ပါဘူး။ နှစ်ဖက်ညှိနှိုင်းတိုင်ပင် လုပ်လို့ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။

၄။ တဖက်အဖွဲ့အစည်းရဲ့ ထိန်းချုပ်နယ်မြေမှာ စစ်ယူနီဖောင်း အပြည့်အစုံနဲ့ သွားလာမှုအပေါ် ဘယ်လို မြင်ပါသလဲ။ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

အဲဒီမှာ ထိန်းချုပ်နယ်မြေက ဘယ်ဟာလဲဆိုတဲ့နေရာမှာတော့ ဘယ်ဟာလဲဆိုပြီး နည်းနည်းတော့ အငြင်းပွား တာ ရှိတယ်။ တချို့ကျတော့လည်း အပစ်ရပ်တဲ့နေရာတိုင်းက သွားလို့ရတယ်လို့ ထင်နေတာ ရှိတယ်။ တကယ် တော့ အပစ်ရပ်လို့ သတ်မှတ်တဲ့နေရာက နှစ်ဖက်ညှိနှိုင်းထားတာ ရှိပါတယ်။ အထူးသဖြင့် ပြည်နယ်အစိုးရနဲ့ တစ်ဖွဲ့ချင်းလက်မှတ်ထိုးတဲ့နေရာမှာ နယ်မြေသတ်မှတ်ချက်တွေ ပါပါတယ်။ အဲဒီသတ်မှတ်ထားတဲ့ စာချုပ်ထဲ မှာပါတဲ့ နယ်မြေက ဘယ်သူမှ မငြင်းပါဘူး။ အဲဒီနယ်မြေထဲမှာတော့ ဒီတိုင်းလုပ်ရပါတယ်။ စာချုပ်ထဲမှာပါတဲ့ နယ်မြေအပြင်ဘက် ရောက်ရင်တော့ အဲဒီမှာ အငြင်းပွားတာ ရှိပါတယ်။ ဒါကြောင့် စာချုပ်ချုပ်ထားတဲ့ နယ်မြေတွေ သေသေချာချာမလုပ်ထားတဲ့ အဖွဲ့တွေဆိုရင် ပြဿနာပေါ်တတ်ပါတယ်။

 ၄။ နောက်ဆုံးအနေနဲ့ PNLO ထိန်းချုပ်ဒေသမှာ လုံခြုံရေး ကင်းလှည့်ဆောင်ရွက်မှု ရှိလား၊ ရှိရင် ဘယ်လို ဆောင်ရွက်နေလဲ။ ထိန်းချုပ်ဒေသပဲ လုပ်တာလား၊နောက်ပြီး တပ်မတော်နဲ့ ဘယ်လို သဘောထားတွေ ရယူထားလဲ။

ရှိပါတယ်။ အထူးသဖြင့်တော့ ဗဟိုဒေသတွင်း မဟုတ်ပဲ နယ်နိမိတ်တွေပေါ့။ သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေ အတွင်း  အမျိုးအမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်းများတော့ ဘယ်သူဝင်တယ်၊ ဘယ်သူထွက် တယ်။ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ကိစ္စတွေ ဆောင်ရွက်တယ်ဆိုရင် ဟန့်တားကြပါတယ်။ ကင်းလှည့်တာလည်း ရှိပါတယ်။ နယ်မြေရဲ့ နယ်နိမိတ်တွေထဲ ကင်းလှည့်ပြီး ပြည်သူ့ကို ကာကွယ်ရတာရှိပါ တယ်။ အဲ့ဒါကလည်း ပြည်သူလူထုကို ကာကွယ်ပေးရမယ်။ NCAထဲမှာလည်း ပါပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.