ကွာလာလမ်ပူ – ဩဂုတ်(၁၂) 

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက LGBTQ ဒီဇိုင်းပြုလုပ်ထားတဲ့ Swatch နာရီနဲ့ ဆက်စပ် ပစ္စည်းတွေကို ပိတ်ပင်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီတားမြစ်ချက်ဟာ နိုင်ငံရဲ့ ပုံနှိပ်တိုက်တွေနဲ့ ပုံနှိပ်ထုတ်ဝေခြင်း မူဝါဒရဲ့ အခန်း(၇)အရ ထုတ်ပြန်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုထားတာပါ။

ပြည်ထဲရေးဝန်ကြီးက အများပြည်သူရဲ့ စည်းလုံးညီညွတ်မှုနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေကို တားမြစ်နိုင်တယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

မလေးရှားရဲ့ ပုံနှိပ်ခြင်း ဥပဒေရဲ့ အခန်း(၈)အပိုင်း(၂)မှာလည်း အစိုးရ တားမြစ်ထားတဲ့ ပစ္စည်း တွေကို ရောင်းချတာ၊ဖြန့်ချီတာနဲ့ ပိုင်ဆိုင်မှုတာတွေပြုလုပ်ပါက ထောင်ဒဏ်(၃)နှစ်နဲ့ မလေးရှား ငွေ(၂၀၀၀၀) အထိဒဏ်ငွေချမှတ်နိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မလေးရှား Barisan အမျိုးသားအစိုးရဟာ နိုင်ငံတွင်း အပြောင်းအလဲ အတွက် တောင်းဆိုမှုကို သင်္ကေတပြုတဲ့ အဝါရောင် Bersih တီရှပ်တွေကို တားမြစ်ဖို့ အလားတူ ပြဌာန်းချက်ကို ကျင့်သုံးခဲ့ပြီး နောက်ပိုင်းမှာ အဲဒီစီချက်ကို အယူခံဝင်ခဲ့ပေမယ့် တရားရုံးက ပယ်ချထားပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အာဏာပိုင်တွေဟာ မလေးရှားနိုင်ငံအတွင်းက Swatch နာရီ အရောင်းဆိုင်တွေကို ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီကုမ္ပဏီက Pride ကာလအတွက် ထုတ်လုပ် ထားတဲ့ Rainbow (သက်တံ့) အရောင်ပါဝင်တဲ့ နာရီ(၁၇၀) ကျော်ကို သိမ်းဆည်းခဲ့ပြီး စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ(၁၄၀၀၀) ရှိတယ်လို့ သိရပါတယ်။ 

အဲဒီလိုသိမ်းဆည်းခဲ့တဲ့အတွက် ဆွစ်ဇာလန်အခြေစိုက် လက်ပတ်နာရီထုတ်လုပ်တဲ့ Swatch ကုမ္ပဏီက မလေးရှား အစိုးရကို တရားစွဲဆိုမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

မလေးရှားပြည်ထဲရေးဝန်ကြီးကတော့ Swatch ဟာ နိုင်ငံအတွင်းလက်ခံထားတာမရှိတဲ့ LGBTQ လှုပ်ရှားဆောင်ရွက်မှုကို ဖြန့်ဝေတာ၊ ပံ့ပိုးတာနဲ့ ပုံမှန်ဖြစ်အောင် ပြုလုပ်တဲ့အတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

မွတ်စလင်အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံမှာ လိင်တူလက်ထပ်တာကို တားမြစ်ထားသလို ကျူးလွန်သူတွေကိုလည်း ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေအထိ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.