ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းမှု အပိုင်း(၂)

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်မတည်ငြိမ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို သြဂုတ် ၁ ရက်နေ့ကနေ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးထားပါတယ်။ စစ်ကောင်စီရဲ့ သက်တမ်းထပ်တိုးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေးအခြေအနေ၊ မွန်ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရှိန်အဟုန်မြင့်တင်မှု၊ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊နိုင်ငံရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ စစ်ကောင်စီ သက်တမ်းတိုးမှုနဲ့အတူ တစ်ဖက်မှာ မွန်ဒေသတွင်းဖြစ်ပေါ်နေတဲ့ ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေကရော အခုထက်ပိုပြီး အရှိန်အဟုန်မြှင့်တင်လာနိုင်ဖို့ ရှိနေမလား။

တောင်ပိုင်းစစ်ဒေသလို့ သတ်မှတ်ထားတဲ့ မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း စကစကနေ စစ်ရေးအရှိန်မြှင့်တင်သည်ဖြစ်စေ၊ မမြှင့်တင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ စစ်ရေးမူဝါဒအရ တိုက်ပွဲဖော်ဆောင် မှု စစ်ဆင်မှုတွေ အရှိန်အဟုန်နဲ့မြှင့်တင်ဖို့ ရည်ရွယ်ထားပြီးသားပဲ။  နွေဦးတော်လှန်ရေးကျ တစ်တိုင်းပြည်လုံးကို တောင်ပိုင်းစစ်မျက်နှာတင်မကဘူး။ မြောက်ပိုင်းစစ်မျက်နှာ၊ အရှေ့ဘက်နဲ့ တစ်နိုင်ငံလုံးအနှံ့ စစ်မြေပြင်တစ် ခုလုံးအနေနဲ့ ကြည့်ရရင် စစ်မြေပြင်မှာ မဟာမိတ် PDF တွေနဲ့ လှုပ်ရှားမှုတွေ မြောက်ပိုင်းကချင်ဘက်မှာ လှုပ် ရှားမှုတွေ ကျွန်တော်တို့ တောင်ပိုင်းမှာလှုပ်ရှားမှုတွေ အဲဒီလိုမျိုး အချိတ်အဆက်ရှိရှိနဲ့ လှုပ်ရှားလာနိုင်မှသာ နိုင် ငံတစ်ခုလုံးအတွက် စစ်ရေးလှုပ်ရှားမှု မြေပြင်တစ်ခုလုံး စစ်ရေးအောင်မြင်မှုတွေ ရရှိလာနိုင်မှာပါ။

တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းရော စစ်ဗျူဟာအရ တစ်ခါတည်းနဲ့လှုပ်ရှားမှသာ  စစ်ကောင်စီကို ပိုပြီး အကြပ်အတည်း ဖြစ်မယ်ဆိုတော့  ကျွန်တော်တို့က တောင်ပိုင်းက ရည်ရွယ်ထားပြီးသားပါ။ စစ်အစိုးရကနေ တိုက်ပွဲအရှိန်အဟုန် မြှင့်လာသည်ဖြစ်စေ ကျွန်တော်တို့ ချမှတ်ထားတဲ့ စစ်ရေးမဟာဗျူဟာတွေကို ဖော်ဆောင်ဖို့ ရည်ရွယ်ထားပြီးသားပါ။

 ၂။ မွန်ဒေသအတွင်း ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယပတ်ကစပြီး မွန်ကျေးရွာတချို့မှာ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့် လှုပ်ရှားလာတဲ့အပေါ် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိလာနိုင်မလား၊ ဘယ်လိုမြင်လဲ။

မွန်ပြည်သစ်ရဲ့ လုံခြုံရေးလှုပ်ရှားမှုတွေကို တော်တော်လေး ဝေဖန်မှုတွေလည်းရှိတယ်။ တချို့ကျ ချီးမွမ်းတာ တွေလည်း ရှိတယ်။ မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ၁၉၉၅ခုနှစ် မွန်ပြည်သစ်ကနေ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် ကားလမ်းအနောက်ဘက်ပိုင်းမှာ မွန်ပြည်နယ်သစ်အနေနဲ့ လက်နက်ကိုင်ပြီး သွားလာလို့မရဘူး။ စစ် ရေးဦးဆောင်မှုက  အပြည့်အဝနဲ့ သွားလာလို့မရဘူးဆိုတော့ ပြည်သူတွေလည်း မွန်ပြည်သစ်တပ်ဖွဲ့တွေကို မတွေ့နိုင်ဘူး။ မတွေ့ကြဘူးဆိုတော့ တချို့ကျ ကြိုဆိုကြတယ်။ တချို့ကျတော့ အကာအကွယ်အပြည့်အဝ မပေးနိုင်ဘူးလို့ ဝေဖန်တာလည်း ရှိတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ စစ်ရေးအမြင်အရ မွန်ပြည်သစ်က လုံခြုံရေးအရ ကင်းလှည့်နေတဲ့ကိစ္စကျတော့ ကျွန်တော်တို့ မွန်တော်လှန်ရေးအဖွဲ့အစည်းအပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုကို အခက်အခဲဖြစ်စေနိုင်တယ်လို့ မယုံကြည်ဘူး။ အခုလောလောဆယ် အုပ်ချုပ်နေတဲ့ စကစမှာတောင်မှ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေ အပြည့်အဝရှိတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဘာမှအကာအကွယ် မပေးနိုင်ဘူး။ မွန်ပြည်သစ်အနေနဲ့ အခုမွန်ပြည်နယ်မှာရှိတဲ့ မွန်ပြည်သူပြည်သားတွေ အခုချိန်မှာ မုဒုံမြို့နယ်က ပြည်သူတွေရဲ့ လုံခြုံရေးကို အကာအကွယ်ယူမယ်လို့ အဲဒီလိုပြောထားတယ်။ ဒါပေမယ့်  အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားကာကွယ်ရေးလုပ်ငန်းတွေကျတော့ တော်တော်လေး လေးနက်တယ်။  အခုလိုမျိုး ကင်းလှည့်နေတာထက် ပိုပြီးလေးနက်တယ်။ အမှန်တော့ ကျွန်တော်တို့ မွန်ပြည်သူလူထုတွေရဲ့ လုံခြုံရေးကာကွယ်ရေးလုပ်ငန်းတွေ လုပ်ချင်ရင် အရင်တည်းက စစ်ဘေးဒဏ်ရဲ့ ခြိမ်းခြောက်မှုတို့၊ စစ်မီးတွေ မရောက်လာခင်ကတည်းက ကြိုတင်ပြီး မွန်ပြည်သူတွေအတွက် ဘယ်လိုခြိမ်းခြောက်မှုတွေ ရောက်လာမလဲ။ မွန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေရဲ့ လုံခြုံရေးကို ဘယ်လိုခြိမ်းခြောက်လာနိုင်မလဲဆိုတာ  အရင်ကတည်းက အမျိုးသားကာကွယ်ရေးမှာ  မဟာဗျူဟာရယ်၊ အမျိုသားလုံခြုံရေးမဟာဗျူဟာတွေ ချမှတ်ပြီးတော့ လုပ်ဆောင်ထားရမယ်။ နိုင်ငံရေးအရ ဘယ်လိုဖြစ်ပေါ်လာမယ်။ စစ်ရေးအရ ဘယ်လိုလုပ်ဆောင်ရမယ်။ ဒါမှ ကာကွယ်နိုင်မှာပါ။ အခုချိန်မှာမှစစ်မီးက မွန်ပြည်နယ်ကို ရောက်လာမှ ရန်သူလာမှ မြှားချွန်တယ်ဆိုတာ ဒါက မဖြစ်နိုင်ပါဘူး။ ခုနကကျွန်တော်ပြောသလို မွန်ပြည်သစ်အနေနဲ့ ဒီလိုမျိုး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ။

ပြည်သူတွေကလည်း နားလည်ပါတယ်။ စကစရဲ့သဘောတူညီချက်မရပဲနဲ့ မွန်ပြည်သစ်အနေနဲ့ အခုလိုမျိုး ကားလမ်းအနောက်ဘက်ပိုင်းမှာ လှုပ်ရှားလို့မရဘူး။ နောက်တစ်ခုကျတော့ အခုလောလောဆယ် မွန်ပြည်သစ်ရဲ့ ရပ်တည်ချက်က စကစအနေနဲ့ စစ်ရေးပဋိပက္ခမဖြစ်အောင် ထိန်းထားတယ်။ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် တခြားPDF တွေ၊ NUG လက်အောက်ခံ PDF တွေ၊ KNU လက်အောက်ခံ PDF တွေနဲ့ လက်နက်ကိုင် စစ်ရေးပဋိပက္ခ မဖြစ်အောင် ထိန်းထားတယ်။ အခုချိန်မှာ တိုက်ပွဲမဖြစ်သေးတဲ့ မုဒုံမြို့နယ်ဘက်မှာပဲ လှုပ်ရှားနေတယ်ဆိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အခက်ခဲဖြစ်လာနိုင်သလားဆိုတော့ ကြီးမားတဲ့ အခက်အခဲ မဖြစ်လာနိုင်ပါဘူး။

၃။ တွေ့ဆုံဆွေးနွေးရေးကိုပဲ ဆုပ်ကိုင်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ် လျှောက်လှမ်းနေတဲ့ မွန်ပြည်သစ်ပါတီအနေ နဲ့ကရော သူတို့ရဲ့ နိုင်ငံရေးအလားလာက ဘယ်လိုတွေ ဆက်ရှိနိုင်မလဲ။ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်ရေးအတွက် စစ်ကောင်စီခေါ်ရင် ထပ်သွားနေဦးမယ့် အလားလာပဲလား။ ဘယ်လို သုံးသပ်ပါသလဲ။

အရင်တုန်းက အစဉ်တစိုက်ကိုင်စွဲလာတဲ့ တွေ့ဆုံဆွေးနွေးရေးမူ အခုလောလောဆယ်ကျတော့ အတော်အသင့် ပြောင်းလဲလာတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ အထူးသဖြင့် ၂၀၂၃မတ်၊ ဧပြီမှာ ကျင်းပတဲ့ မွန်ပြည် သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ စကစနဲ့ မွန်ပြည်သစ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမလုပ်ဖို့ ဗဟိုကော်မ တီကနေ ဆုံးဖြတ်ချက်ချထားတာ ရှိတယ်။ ဒါပေမယ့်လည်း စကစနဲ့ အပြီးအပြတ်မဆက်ဆံဘူးလို့ မပြောထားဘူး။ တခြားနိုင်ငံရေးသဘောမဆောင်တဲ့ တခြားလူမှုရေးတို့၊ စီးပွားရေးတို့၊ ယဉ်ကျေးမှုဆိုင်ရာတို့၊ မွန်စာပေ ပညာရေးကိစ္စတွေနဲ့ စကစနဲ့ အဲဒီလိုဆွေးနွေးဖို့ ပြောထားတာတော့ ရှိတယ်။ ဒါပေမယ့် ခုနပြောသလို မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကတော့ ယတိပြတ်ရပ်တည်ချက်လို့တော့ ပြောလို့မရဘူး။ မြွေမသေတုတ်မကျိုးပေါ့။ အဲဒီလိုမျိုး ပိုနေမြဲ၊ ကျားနေမြဲသဘောနဲ့ ရပ်တည်နေတဲ့ သဘောတော့ရှိတယ်။ ဒါပေမယ့် ရှေ့အလားအလာ ဘယ်လိုပြောင်းလဲလာနိုင်မလဲဆိုတာ တော်တော်လေး အကဲခတ်ပြီးတော့ စောင့်ကြည့်နေရမယ့် သဘောတော့ ပေါ့နော်။ အထူးသဖြင့် အရင်တုန်းကမပြောဖူးတဲ့ ဥက္ကဌနိုင်ဟံသာက ပြောလာခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်လာရင် စကစနဲ့ တိုက်ပွဲဝင်မယ်လို့ အဲဒီလိုပြောထားတယ်။ ဒါက ခိုင်လုံတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ အမြင်ကတော့ နည်းနည်းလေးတော့ ပြောင်းလဲလာတယ်။ ဒါပေမယ့် အားလုံးပြောင်းလဲလာတာ မဟုတ်ဘူး။ နောက်ပြီးတော့ စကစအပေါ်မှာလည်း ယတိပြတ် မရပ်တည်သေးဘူး နည်းနည်းတော့ အပြောင်းအလဲရှိလာတယ်လို့ ကျွန်တော်တို့ သုံးသပ်မိတယ်။

၄။ နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကားများ ပါချင်တာ ရှိမလဲ။

ကျွန်တော်တို့ မွန်ပြည်သူပြည်သားအပါအဝင် တစ်နိုင်ငံလုံးမှာရှိနေတဲ့ မြန်မာပြည်သူပြည်သားတွေ နွေဦးတော်လှန်ရေးကျတော့ စနစ်ပြောင်းတော်လှန်ရေးတစ်ခုပါ။ စနစ်ပြောင်းတော်လှန်ရေးမှာကျတော့ ဒီလိုမျိုး အရှိန်အဟုန်နဲ့ စနစ်ပြောင်းတော်လှန်ရေးဆင်နွှဲလာခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တော်လှန်ရေး ပြည်တွင်းစစ်သမိုင်းမှာကျ ဒီလိုမျိုး မရှိခဲ့ဘူး။ အခုချိန်မှာကျတော့ တိုင်းဒေသကြီးအပါအဝင် ပြည်နယ်မှာရှိနေကြတဲ့ ပြည်သူပြည်သားအားလုံး လက်နက်ကိုင်စွဲပြီးတော့ နိုင်ငံရေးအရရော၊ ပြည်သူ့လှုပ်ရှားမှု တိုက်ပွဲအရရော၊ လက်နက်ကိုင်လှုပ်ရှားမှု တိုက်ပွဲအရရော၊ တော်တော်လေးအောင်မြင်မှု ရလာခဲ့တယ်။ ဒီလိုမျိုးအကြပ်အတည်းမျိုး စကစအပါအဝင် အရင်တုန်းကအုပ်စိုးလာခဲ့တဲ့ စစ်အစိုးရတွေလည်း ဒီလိုမျိုးမဖြစ်လာခဲ့ဘူး။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးလည်း နှစ်(၂၀)ကိုကျော်ခဲ့ပြီ။ ဒါကြောင့် အခုနွေဦးတော်လှန်ရေး ခေတ်သစ်တော်လှန်ရေးကျတော့ စစ်ကောင်စီ အမြစ်ပြတ်ရေးအတွက် ဒီတော်လှန်ရေးကျ  အရှိန်အဟုန် ကောင်းတယ်။ မြို့ပေါ်တိုက်ပွဲတို့၊ ပြည်နယ်တိုက်ပွဲတို့၊ သံတမန်ရေးအရတိုက်ပွဲတွေ အားလုံးအရှိန်အဟုန် မလျော့ပဲ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ၊ ပြည်ပမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရော အချိတ်အဆက်ရှိရှိနဲ့ ရှေ့ဆက်တိုက်ပွဲဖော်ဆောင်ဖို့ အရှိန်အဟုန်မြှင့် လှုပ်ရှားနိုင်ရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ နွေဦးတော်လှန်ရေး စနစ်ပြောင်းတော်လှန်ရေးက အောင်မြင်လာမှာပါလို့ ကျွန်တော်တို့ ပြည် သူတွေကို ပြောပြချင်တယ်။

အောင်မြင်မှုမရခင်မှာ  တော်လှန်ရေးအတွက် အခက်အခဲတွေ ကျော်ဖြတ်ပြီး မွန်ပြည်နယ်အပါအဝင် ဗမာပြည် မှာရှိတဲ့ ပြည်သူပြည်သားတွေ လိုလားတဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒီတော်လှန်ရေးနည်းလမ်းတစ်ခုနဲ့ လုပ်မှသာရမယ်လို့ ပြောရင်းနဲ့ ကျွန်တော်ပြည်သူတွေကို အမှာစကားပါးချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.