ဘီးလင်း ၊ ဩဂုတ်လ (၁၁)

မွန်ပြည်နယ်ထဲမှာ သြဂုတ်လဆန်းပိုင်းကစပြီး ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူ ၁၀,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းတွေထံ ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အဲဒီထဲမှာ ဘီးလင်းမြို့နယ်ဟာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ် ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ ရေအနိမ့်ပိုင်း ရပ်ကွက်တွေက အိမ်ထောင်စု ၂,၀၀၀ နီးပါး ၊ လူဦးရေ ၁၀,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခုထံ ပြောင်းရွှေ့ထားရပါတယ်။

ဒါပေမဲ့ ရေဘေးသင့်ပြည်သူတွေထံ လာရောက်ကူညီသူ မရှိသလောက်နည်းပါးနေတဲ့အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အကူအညီ လိုအပ်ချက်မြင့်မားနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျိုက်မရောမြို့နယ် ရေကြီးမှုမှာ စာသင်းကျောင်း ၉ ကျောင်း ယာယီပိတ်ထားရပေမယ့် ဒေသခံတွေကတော့ ကယ်ဆယ်ရေစခန်းတွေထံ ပြောင်းရွှေ့တာ မရှိဘဲ မိမိတို့ အစီအစဉ်နဲ့ ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့ထားတာတွေ ရှိပါတယ်။

ကျိုက်ထိုမြို့နယ် ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူ ၂၀၀ ကျော် ရေဘေးသင့်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားရပါတယ်။

ဘီးလင်းမြို့နယ် ရေကြီးမှုအတွင်း သြဂုတ် ၉ ရက်နေ့က မော်လမြိုင်-ရန်ကုန်ကားလမ်းနဲ့ မီးရထားလမ်းတွေ လမ်းရေကျော်တဲ့အတွက် ယာယီပိတ်ထားခဲ့ရပေမယ့် သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်သွားလာနိုင်ပြီလို့ ဒေသခံတွေက သိရပါတယ်။

မွန်ပြည်နယ်ရဲ့ ရေကြီးမှုမှာ စစ်ကောင်စီရဲ့ ကူညီဆောင်ရွက်မှု မရှိသလောက်နည်းပါးနေတဲ့အတွက် ဝေဖန်မှုတွေရှိနေသလို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူတွေထံ ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ရေဘေးသင့်ပြည်သူတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.