ကျောက်တံခါး ၊ ဩဂုတ်လ (၁၁)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ စစ်ဒေသခွဲ(၂) တောင်ပိုင်းစစ်ဒေသထံနေ သိရပါတယ်။

ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာကို ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA /PDF အထူးကွန်မန်ဒိုတပ်ရင်းတို့အကြား ဩဂုတ် ၉ ရက်နေ့ မနက်အစောပိုင်းကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ သမင်အင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်ကနေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ စစ်ဒေသခွဲ(၂) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သမင်အင်းကုန်းကျေးရွာတိုက်ပွဲအတွင်း KNLA /PDF ပူးပေါင်းတပ်ဖွဲ့ဘက်က KNLA ၂ ဦး၊ PDF ကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီထံကနေ လက်နက် ၂၄ လက်၊ မိုင်းရှာစက် ၁ လုံး၊ ကျည်ဘောက် ၁၁ ခုနဲ့ ကျည်ဆံအများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲမှာ စစ်ရေးကျူးကျော်ဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA /PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.