မော်လမြိုင်၊ သြဂုတ်(၁၀)

မွန်ပြည်နယ်အတွင်းမှာ နွေရာသီကာလထက် လက်ရှိမိုးတွင်းကာလအတွင်း လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုနဲ့ ကြုံနေရတယ်လို့ SME လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလတုန်းက စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ ရပ်ကွက်၊ ကျေးရွာတွေကို အုပ်စုတွေခွဲကာ တစ်ကြိမ်လျှင် ၂ နာရီ တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီလောက် ဖြန့်ဝေပေးခဲ့တာပါ။

ဒါပေမယ့် အခုကာလမှာတော့ လျှပ်စစ်မီးဆိုးဆိုးရွားရွား ထပ်မံပြတ်တောက်လာပြီး တစ်ရက်လျှင် အချိန် ၄ နာရီလောက်သာ လျှပ်စစ်မီးရရှိတော့တဲ့အတွက် လူမှုဘဝအခက်အခဲကို ထပ်မံကြုံတွေ့လာရပါတယ်။

ဒေသခံတစ်ဦးကတော့ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတာကြောင့် ချက်ပြုတ်ရေးအတွက် မီးသွေးနဲ့ ဂတ်စ်တွေကို အဓိကအသုံးပြုနေရတဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်မှု အခက်အခဲကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခုဆိုလို့ရှိရင် တစ်ရက်ကို (၄)နာရီ (၅)နာရီလောက်ပဲ မီးလာတဲ့အခြေအနေမှာ ဖြစ်အောင်ရုန်းကန်နေရတယ်။ အရင်တုန်းကဆိုလို့ရှိရင် လျှပ်စစ်မီးနဲ့ ချက်လို့ရတယ်၊ လွယ်ကူတယ်။ အခုကျတော့ မီး သွေးဝယ်ရတဲ့ အပိုကုန်ကျစရိတ်တွေ ထွက်လာတယ်။ ပြီးရင်ဂက်စ်နဲ့ ချက်ရတယ်ပေါ့။ အရင်တုန်းက လွယ်လွယ်ကူကူ ဖြစ်နေရာကနေ ပိုခက်ခဲတဲ့ အနေအထားမျိုးတွေကိုလည်း ကြုံရတယ်ပေါ့။ မီးလာမှ ရေတင်လို့ရတယ်။ မီးကလည်းမလာတော့ ရေပြတ်သွားတဲ့အခြေအနေက ကြုံနေရတယ်။ ရေကိုပါ ချွေတာသုံးစွဲရတယ်။ အရင်ကဆိုရင် ဆန်ဆေးပြီးရင် ဆန်ဆေးရေကို သွန်ပစ်လိုက်လို့ရတယ်ဆိုပေမယ့် အခုဆန်ဆေးရေကို ပန်းကန်ဆေးရမလားဆိုတဲ့ဟာမျိုးအထိ စဉ်စားပြီးတော့ သုံးနေရတဲ့ အနေ အထားမျိုးတွေ ဖြစ်နေတယ်”လို့ ဆိုပါတယ်။

လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်လာတဲ့အတွက် နေ့စဉ်လူမှုဘဝမှာ ချက်ပြုတ်စားသောက်ဖို့ပင် အခက်အခဲရှိလာသလို လျှပ်စစ်မီးကို အသုံးပြုပြီး လည်ပတ်နေရတဲ့ လုပ်ငန်းတွေပါ ထိခိုက်မှုရှိလာတယ်လို့ သိရပါတယ်။

SME လုပ်ငန်းရှင်တစ်ဦးကလည်း စက်မှုဇုန်တွေမှာ တစ်ရက်လျှင် လျှပ်စစ်မီး အချိန် ၂ နာရီလောက်သာရတော့တဲ့အတွက် လုပ်ငန်းတွေလည်ပတ်ဖို့ ပိုမိုခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီစက်မှုဇုန်မှာ မီးဟာ (၂၄)နာရီလုံးမှာ(၂)နာရီ လောက်ပဲလာတယ်။ တချို့ရက်တွေမှာဆိုရင် လုံးလုံးကိုမလာတာ။ အရင်ကနွေရာသီတောင်မှ ကျွန်တော်တို့ မနက်ဆိုရင် (၉)ခွဲ (၁၀)လောက်ကလာရင် ညနေ (၅)လောက်ထိကို တစ်နေကုန် လာပေးသေးတယ်ပေါ့နော်။ အခုရှေ့လတုန်းက (၁၀)နာရီကနေ (၂)နာ ရီ ပုံမှန်တော့ပေးတယ်။ ဒါပေမယ့် ဒီ(၈)လပိုင်းအဝင်မှာတော့ ပိုဆိုးလာတယ်။ ပေးချင်သလောက်ကို ပေးတယ်။ တစ်ခါတလေ တစ်နေကုန်မပေးဘူး။ မီးလာမှမောင်းလို့ရမယ့် စက်ကြီးတွေရှိတာပေါ့နော်။ ဒါမျိုးဟာတွေကျတော့ မီးစက်နဲ့ကျတော့ အဆင်မပြေဘူး။ လုပ်ငန်းတအား နှောင့်နှေးတယ်။ ဒီဇယ်ကလည်း အခုဆို (၂၅၀၀)ကျော်အထိ ဖြစ်လာပြီဆိုတော့ တအားကြီး အဆင်မပြေဘူးပေါ့နော်။ စက်မှုလုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးမယ်သာ ပြောနေတာ။ တကယ့်တ ကယ် မီးကိုမှန်အောင်မပေးနိုင်ဘဲနဲ့တော့ စက်မှုလုပ်ငန်းတိုးတက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်”လို့ ဆိုပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးရွားစွာ ခံစားနေရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကိုပါ ခါးစည်းခံနေရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေတာဟာ လွန်ခဲ့တဲ့၁၀ စုနှစ်ခန့်က အကောင်အထည်ဖော်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကြီးတွေ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့တာကြောင့် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်၊ လေအားနဲ့ စပါးခွံသုံး ဓာတ်ငွေ့လောင်စာ အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ဖို့ အကောင်အထည် ဖော်နေတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်ကောင်စီလက်ထက် နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ဆက်ရှိနေပြီး လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ ကိုဗစ်ကာလမတိုင်မီ ကာလအောက် ၁၃ ရာခိုင်နှုန်း ရောက်ရှိနေတယ်လို့ အခုနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.