စစ်ကိုင်း၊ သြဂုတ်(၁၀)

အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့အပေါင်းအပါတွေက စစ်ရာဇဝတ်မှုတွေကို ကြိမ်ရေတိုးမြှင့်ကာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးအဖွဲ့ (IIMM) က ဩဂုတ် ၈ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အစီရင်ခံစာအရ အရပ်သားတွေနဲ့ ဖမ်းဆီးရမိတဲ့ တိုက်ပွဲဝင်သူတွေကို အစုလိုက်အပြုံလိုက် ကွပ်မျက်တာတွေ ပိုတိုးလာခဲ့တဲ့အပြင် အရပ်သားနေအိမ်တွေနဲ့ အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ အကြီးအကျယ် မီးရှို့ခြင်းကြောင့် အချို့နေရာတွေမှာ ရွာလုံးကျွတ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အခုနှစ်ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူပေါင်း ၁၅၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ စစ်ကိုင်း တိုင်းက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလိုမျိုး အရပ်သားတွေကို မရှောင်ရှားမခွဲခြားဘဲ ဒါမှမဟုတ် အင်အားအလွန်ကျွံသုံးတဲ့ တိုက်ခိုက်မှုတွေလည်း ပါဝင်နေတာပါ။

IIMM အနေနဲ့ စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို လူပေါင်း ၂၀၀ ကျော်နဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ မြေပုံတွေ၊ ဂြိုလ်တုပုံရိပ်တွေ၊ လူမှုကွန်ရက်သတင်းတွေနဲ့ မှုခင်းဆိုင်ရာ အထောက်အထားတွေအပါဝင် ရင်းမြစ်ပေါင်း ၇၀၀ ကျော်ကနေ အချက်အလက်တွေကို စုဆောင်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီအပေါင်းအပါတွေရဲ့ လက်ချက်ကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသူ မကွေးတိုင်း၊ပေါက်မြို့နယ်ရှိ ကျေးလက်နေပြည်သူတစ်ဦးကတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး လူသားမဆန်တဲ့ လုပ်ရပ်တွေ အများကြီးရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်မှာ သူတို့သွားရင်းလာရင်းနဲ့ပဲ တွေ့ရင်တွေ့တဲ့သူခေါ်တယ်။ မထင်ရင် မထင်သလို သတ်ပစ်ခဲ့တာမျိုးတွေလည်းရှိတယ်။ လူသားမဆန်စွာ လုပ်သွားတာအများကြီးပေါ့နော်။ ရွာဘက်မှာ လာပြီဆိုရင်တော့ နေအိမ်မီးရှို့တာတွေရှိတယ်။ ရွာထဲမှာတွေ့ရင် တွေ့တဲ့သူတွေကို ပထမဆုံးဝင်တဲ့ စစ်ကြောင်းတုန်းကဆို ကျွန်တော်တို့ရွာနားမှာ တွေ့တဲ့သူကိုဖမ်းသွားတာ။ သတ်ပြီးတော့ ဒေသမှာရှိတဲ့ ကောက်ရိုးပုံပေါ်မှာ မီးရှို့ခဲ့တာတွေလည်းရှိတယ်။ သူတို့ကိုခုခံရင် အနည်းအကျဉ်းခုခံတဲ့ရွာတော့ ပြာကျသွားတာပဲ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ပေါင်းပြီး လက်နက်ကိုင်တဲ့ ပျူစောထီးတွေကလည်း အပြစ်မဲ့အရပ်သားတွေကို နေအိမ်ထဲထိဝင်ပြီး လက်နက်နဲ့အနိုင်ကျင့် သတ်ဖြတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ ရွာထဲမနေရဲတော့ဘဲ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ကြသလို ထိုင်းဘက်ကို တရားမဝင်သွားရောက်ကြသူတွေလည်း ရှိနေတယ်လို့ သူကပြောပြပါတယ်။

IIMM ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေကို စစ်ဘက်ဆိုင်ရာပစ်မှတ်တွေဖြစ်နေတာကြောင့် တရားမျှတစွာ လုပ်ဆောင်ခဲ့တာလို့ အကြောင်းပြပါတယ်။

ဒါပေမယ့် အဲဒီတိုက်ခိုက်မှုတချို့ ဖြစ်ပွားချိန်မှာ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေအတွင်း ဒါမှမဟုတ် အနီးတဝိုက်မှာ အရပ်သားအများအပြားရှိနေတာကို စစ်တပ်ကသိသင့်တဲ့အခြေအနေရှိနေတာ ဒါမှမဟုတ် သေချာသိနေတာလို့ အစီရင်ခံစာပါ အထောက်အထားတွေက ညွှန်ပြနေပါတယ်။

နိုင်ငံတကာဥပဒေအရ စစ်တပ်ကနေ အဆင့်ဆင့်အမိန့်ပေးတဲ့အရာရှိတွေက သူတို့ရဲ့ကွပ်ကွဲမှုအောက်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးအရေးယူဖို့တာဝန်ရှိပြီး လုပ်ဆောင်ဖို့ ပျက်ကွက်ရင်တော့ အဲဒီအရာရှိတွေကို ရာဇဝတ်မှုတွေအတွက် တာဝန်ရှိလာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအတွက် အရေးယူနိုင်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-IIMM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.