ဝါဆော – ဩဂုတ်(၁၁) 

ပိုလန်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်ကို အထောက်အကူပံ့ပိုးပေးဖို့အတွက် ဘီလာရုစ်နယ်စပ်ကို နောက်ထပ်တပ်ဖွဲ့ဝင် တစ်သောင်းအထိ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

“နယ်စပ်မှာ စစ်သား တစ်သောင်းလောက်ရှိမယ်၊ အဲဒီထဲက လေးထောင်လောက်က နယ်ခြား စောင့်တပ်ကို တိုက်ရိုက် ထောက်ပံ့မှာဖြစ်ပြီး ခြောက်ထောင်လောက်က အရန်တပ်ထဲမှာရှိနေ မယ်” လို့ ဝန်ကြီး ဘလက်ဇ်ဇတ်က ပြည်သူ့ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရန်လိုသူကို မတိုက်ခိုက်ဝံ့အောင် ခြောက်လှန့်ဖို့အတွက် စစ်တပ်ကို ဘီလာရုစ်နယ်စပ်နဲ့ ပိုနီးတဲ့နေရာကို ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ပိုလန်ဟာ ဘီလာရုစ်နယ်စပ်မှာရှိတဲ့ သူတို့ရဲ့ ရှေ့တန်းနေရာကို နောက်ထပ်တပ်ဖွဲ့ဝင်(၂)ထောင် စေလွှတ်သွားမှာဖြစ်တယ်လို့ ဒုတိယပြည်ထဲရေးဝန်ကြီးက ဩဂုတ်လ(၉) ရက်နေ့က ဆိုထား ပါတယ်။

သမ္မတ လူကာရှန်ကိုရဲ့ ဖိတ်ကြားချက်အရ ဘီလာရုစ်သို့ ပြီးခဲ့တဲ့လအတွင်း ရာနဲ့ချီတဲ့ တိုက်ခိုက် ရေးပြင်းထန်တဲ့ ဝဂ်နာ ကြေးစားစစ်သားတွေ ရောက်ရှိလာပြီးနောက်ပိုင်း ပိုလန်ဟာ နယ်စပ် ဒေသအတွက် စိုးရိမ်မှုတွေ မြင့်တက်လာတာပါ။ 

ဘီလာရုစ်က ဒီသီတင်းပတ်အတွင်း နယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်ပြုလုပ် နေပြီး ပိုလန်နိုင်ငံကို တိုက်ခိုက်လိုတဲ့ ဝဂ်နာတိုက်ခိုက်ရေးသမားတွေကို ဟန့်တားဖို့အတွက် သမ္မတ လူကာရှန်ကိုက အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

ပိုလန်နိုင်ငံဟာ မကြာသေးခင်လတွေအတွင်း အဓိကအားဖြင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးလာတာကို မြင်တွေ့ နေရတယ်လို့လည်း သိရပါတယ်။

ဒီနှစ်အစောပိုင်းမှာ ပိုလန်-ဘီလာရုစ်နယ်စပ်ကို တရားမဝင် ဖြတ်သန်းဖို့ ကြိုးစားသူ (၁၉၀၀၀) ရှိကာ ပြီးခဲ့တဲ့နှစ်က အရေအတွက်(၁၆၀၀၀) ထက်ပိုများတယ်လို့ နယ်ခြားစောင့်တပ် အကြီးအကဲက ပြောခဲ့ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.