လောင်းလုံး၊ သြဂုတ်(၁၀)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာကနေ ထားဝယ်ကိုဆေးကုသဖို့သွားတဲ့ ဒေသခံ ၁၀ ဦးဟာ ဖမ်းဆီးခံရပြီး ၆ ရက်အကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပညစ်ကျေးရွာနေဦးမြင့်နဲ့ မိသားစုဝင်တွေအပါအဝင် ဒေသခံ ၁၀ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က ပညစ်ကျေးရွာကနေ ထားဝယ်မြို့ပေါ်သို့ ဆေးကုသဖို့သွားစဉ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ဦးမြင့်၊ ဇနီးဒေါ်ပိုသန်း၊ သားမက်ဖြစ်သူ ကိုကျော်ဆန်း၊ ချွေးမဖြစ်သူ မသန်းသန်းအေး၊ တူမဖြစ်သူ မဌေးဌေး၊ ကျေးရွာနေ ဦးအောင်ဖေသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်မူအေး၊ သမီးဖြစ်သူ မရာနဲ့ ကားသမားဦးရင်ကြီး၊ အဖော်ဖြစ်သူ မအေးအေးဆင့်အပါအဝင် ၁၀ ဦး ပါဝင်ပါတယ်လို့ သိရပါတယ်။

သူတို့ ၁၀ ဦးဟာ သြဂုတ် ၉ ရက်နေ့အထိ ကျေးရွာကိုပြန်လည် ရောက်ရှိလာခြင်းမရှိသေးသလို ကျန်မိသားစုဝင်တွေ ဆက်သွယ်ရာမှာလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးမြင့်အပါအဝင်ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်နိုင်ပြီး အဆက်အသွယ်မရတဲ့အတွက် သူတို့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့လပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ပညစ်ရွာကိုဝင်ရောက်ပြီး စစ်ကြောင်းထိုးစဉ် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရာမှာ ဦးမြင့်တို့နေအိမ်လည်း မီးလောင်တဲ့အထဲ ပါဝင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီဟာ အရပ်သားပြည်သူ ၁၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.