မော်လမြိုင် – ဩဂုတ်(၁၀)

PDF ကသာ အသက်စွန့်တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အတွက် PDF တွေဟာ ပြည်သူထက် ခေါင်းတလုံးပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ဖယ်ထားကြပြီး လက်နက်ကိုင်ကာ ပြည်သူတွေ အပေါ် နိုင့်ထက်စီးနင်းလုပ်တဲ့ ရဲဘော်တွေကို ပြတ်ပြတ်သားသားဖယ်ရှားပစ်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူး သင်တန်း အပတ်စဉ်(၂) သင်တန်းသားရဲဘော်တွေကို ဝန်ကြီးရဲ့ အမှာစကားမှာ ထည့်သွင်းပေးခဲ့တာပါ။

“ငါတို့ကိုင်ထားတဲ့ သေနတ်က ပြည်သူက သူ့ချွေးနည်းစာနဲ့ စုဆောင်းပြီး တပ်ဆင်ပေးထားတာ ဖြစ်တယ်။ ငါတို့ စားနေတဲ့ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူ အပေါ် ရမ်းကားတာ၊ ပြည်သူကို နိုင့်ထက်စီးနင်း လုပ်တာထက် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူ ရှိမှာ မဟုတ်ဘူး။ဒီလို အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်” လို့ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ထောက်ခံပါဝင်မှုကြောင့်သာ ပြည်သူ့စစ်မဟာဗျူဟာကို ခင်းကျင်းနိုင်တာဖြစ်ပြီး ဒီမဟာဗျူဟာကြောင့် ရန်သူဟာ ထွက်ပေါက်ပိတ်ပြီး နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊ နိုင်ငံတကာရေး အဘက်ဘက်က ချွတ်ခြုံကျကာ အသက်ရှုကျပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို အရေးနိမ့်မှုတွေကြောင့် စစ်ခေါင်းဆောင်က တရားခံရှာတဲ့အနေနဲ့ ဇာတ်တူသားချင်း ဖြုတ်ထုတ်သတ်လုပ်နေတာဖြစ်ပြီး အသက်ရှုကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှုရပ်တဲ့အထိ ဖိအားပေးတိုက်ခိုက်ကြဖို့လည်း PDF ရဲဘော်တွေကို တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆောမြို့နယ်(ပ.က.ဖ) ဒုခေါင်းဆောင်က ပြည်သူတွေကို ရိုက်နှက်တာတွေရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အရေးယူထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

PDF ရဲဘော်တွေအနေနဲ့ ကိုယ်တိုင် တိုက်ပွဲဝင်ရင်း အချိန်ရရင်ရသလို ပြည်သူတွေကို အလုပ်အကျွေးပြုကြဖို့နဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေမှာ ပါဝင်ကူညီကြပြီး လူထုစည်းရုံးလှုံ့ဆော်မှုတွေလုပ်ကြဖို့လည်းဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ အချိန်(၂) နှစ်ကျော်အတွင်း အခြေခံ စစ်ပညာသင်တန်း၊ အကြပ်အဆင့် စစ်ပညာသင်တန်း၊မိုင်း၊လက်နက်ကြီး၊ဒရုန်း၊စနိုက်ဘာ၊ ထုတ်လုပ်ရေး ၊ဦးရေးထောက်၊ မဟာဗျူဟာနဲ့ နည်းဗျူဟာအဆင့် သင်တန်းတွေကို ပို့ချနိုင်ခဲ့ပြီး လက်ရှိအချိန် မှာ တပ်ခွဲမှူးသင်တန်းတွေအထိ ဖြစ်မြောက်အောင် စီစဉ်နိုင်ပြီဖြစ်တဲ့အတွက် ကူညီပေးခဲ့တဲ့ မဟာမိတ် အစည်းအစည်းတွေကို ကျေးဇူးတင်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.