ကော်သူးလေ – ဩဂုတ်(၁၀)

အာဏာသိမ်းစစ်ကောင်စီဟာ ထိုးစစ်ဆင်တာတွေလုပ်ဆောင်နိုင်စွမ်းမရှိတော့ဘဲ ခံစစ် အနေအထားကိုရောက်ရှိနေပြီး KNLA ဘက်က နယ်မြေတွေပိုမိုထိန်းချုပ်လာနိုင်တယ်လို့ KNLA စစ်ဦးစီး မှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောပါတယ်။

ဒီနေ့ သြဂုတ်လ(၁၀) ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ မြောက်ဘက်ခြမ်းက စစ်တောင်း မြစ် အနောက်ဘက်ခြမ်း(ညောင်လေးပင်ခရိုင်)၊ပျဉ်းမနား၊လိပ်သို၊ ကယားနယ်စပ်ကနေ တောင်ဘက်ခြမ်းက ရေး၊ထားဝယ်၊ဘီးလင်း၊သထုံနဲ့ ကျိုက်ထိုစတဲ့ နယ်မြေတွေအထိ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ကာ ပိုမိုထိန်းချုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ကေအဲန်ယူနယ်မြေရဲ့ မြောက်ပိုင်းမှာ ပျဉ်းမနားနဲ့ လိပ်သိုယာဒို နောက်ပြီးတော့ ကရင်နီအစပ် ကနေပြီးတော့ ကော့သောင်းဘက်က လေညာဘုတ်ပြင်း ဒီတစက်တစပ်ထဲ အခြေစိုက်လှုပ်ရှား နိုင်တဲ့အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီလို တဆက်တစပ်ထဲ အခြေစိုက်လှုပ်ရှားနိုင်တဲ့အတွက် တပ်ထောက် ပံ့ပို့ဆောင်ရေးနဲ့ တပ်အရွှေ့အပြောင်းလုပ်ရာမှာ စစ်ရေးအရလှုပ်ရှားနိုင်စွမ်းက ကေအဲန်ယူတစ်ဖွဲ့ ပဲရှိတယ်လို့ ပြောလိုတယ်။ လက်ရှိမှာလည်း ရန်ကုန် ဧရာ၀တီတိုင်းနဲ့အနီးဆုံးမှာ ရှိနေတဲ့ ပဲခူး ရိုးမစစ်ဆင်ရေးမှာလည်း ကေအဲန်ယူကနေပြီးတော့ ပံ့ပိုးမှုရှိနေတယ်ဆိုတာကို ပြောလိုပါတယ်” လို့ ဗိုလ်မှူးချုပ် စောတာမလာသောက ပြောခဲ့ပါတယ်။

အရင်က စစ်ကောင်စီရဲ့ တပ်မ၊စကခ တွေကို တစ်နှစ်တစ်ကြိမ် ပုံမှန်လဲလှယ်နေတာဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ တပ်လဲလှယ်ရေးမပြုလုပ်နိုင်တော့သလို နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာလည်း စစ်ကောင်စီတပ်ဟာ ထုတ်နှုတ်အင်အားကိုပဲ အသုံးပြုနေရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ တစ်ခုကြား လှုပ်ရှားနိုင်စွမ်းလည်း ကျဆင်းလာကာ အဓိက ခြေကုပ်စခန်း၊မဖြစ်မနေ ကာကွယ်ရမယ့်စခန်းတွေကို လေကြောင်းကနေ ရိက္ခာသယ်နေရပြီး အဲဒီစခန်းတွေကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုနေရတယ်လို့ KNLA ဗိုလ်မှူးချုပ်က ပြောပါတယ်။

“မြို့နဲ့မဝေးတဲ့နေရာဒေသမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုကိုခံရတဲ့အတွက်ကြောင့် မြို့အဝင်လမ်းမှာ ဆိုင်ကယ် ကားတို့မသွားနိုင်အောင် ဘက်ဟိုးနဲ့ မြို့အဝင်လမ်းတွေကို ဖြတ်တောက်ထားတာရှိနေပါတယ်။ နောက်တခုက စစ်ကောင်စီရဲ့ အခုစစ်ရေးအနေအထားက သေနင်္ဂဗျူဟာအရ ခံစစ်အနေအထားကိုရောက်ပြီလို့ ပြောလို့ရပါတယ်။ နည်းဗျူဟာ နည်းပရိယာယ်အရ ထိုးစစ်ကို မလုပ်နိုင်ပဲနဲ့ အဲ့ဒီအစား လက်နက်ကြီးနဲ့ လေယာဉ်ကိုပဲ အစားထိုးအသုံးပြုနေရပါတယ်” လို့ သူကဆိုပါတယ်။

အဲဒီလို လေယာဉ်နဲ့ လက်နက်ကြီးတွေအသုံးပြုပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် အမျိုးသမီး၊ကလေးသူငယ်နဲ့ ဘာသာရေးခေါင်းဆောင်တွေ သေဆုံးတာ တွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်အဦးတွေ၊စာသင်ကျောင်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးတာတွေရှိနေပြီး ပြည်သူတွေလည်း သိန်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ထဲမှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းကြဖို့ KNU က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.