မော်လမြိုင်၊ သြဂုတ်(၉)
မွန်ပြည်နယ်ရဲ့ မြို့နယ် ၄ မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် မိုးစပါးစိုက်ဧကသောင်းချီ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံရဖို့ ရှိနေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်ကစပြီး မွန်ပြည်နယ်ရဲ့ ဘီးလင်း၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်တို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်မြင့်တက်ခဲ့တဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။
ရေကြီးရေလျှံမှုဟာ သြဂုတ် ၈ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စိုက်ပျိုးထားတဲ့ မိုးစပါးတွေမှာ ရေနစ်မြှုပ်ပြီး စပါးပင်တွေ ဂုတ်ကျိုးကာ လက်ရှိအချိန်အထိ ပြန်ပေါ်လာခြင်း မရှိသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံရဖို့ရှိနေတာပါ။
ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့နယ်ဟာ မိုးစပါးစိုက်ဧက ၃၀,၀၀၀ ကျော်နဲ့ အများဆုံး ပျက်စီးဆုံး ရှုံးမှုနဲ့ ကြုံရဖို့ရှိနေပြီး ကျန်မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုနဲ့ သထုံမြို့နယ်မှာ မိုးစပါးစိုက်ခင်းတွေ ပျက်စီးနိုင်တယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ကျိုက်မရောမြို့နယ်မှာလည်း သြဂုတ် ၇ ရက်နေ့စကပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော် ရေနစ်မြှုပ်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဟာ နှစ်စဉ်မိုးစပါးစိုက်ဧက ၆ သိန်းကျော် စိုက်ပျိုးနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရေကြီးမှုမှာ မိုးစပါးစိုက်ဧက ၁ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တာပါ။
လတ်တလော ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကျေးရွာချင်းဆက် ကားလမ်းတချို့ ပြိုကျပျက်စီးတာတွေရှိနေသလို စာသင်ကျောင်း ၅၀ ထက်မနည်း ယာယီပိတ်ထားရပါတယ်။
ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ ကျော်ကိုလည်း ရေဘေးလွတ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေထံ အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။’
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ