ဒီးမော့ဆို၊ သြဂုတ်(၉)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့ကစပြီး လွိုင်ကော်ကနေ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း(၃)ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာကနေ တိုက်ပွဲတွေစတင်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ခဲ့သလို ကင်းထောက် ဒရုန်း ပျံသန်းတာတွေရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒါ့အပြင် ဒေါညေးခူလမ်းမကြီးဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေ လမ်းအသုံးမပြုကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုင်သေဆုံးတာတွေရှိပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့နီးတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီဘက်က အပြင်းအထန်ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။
အဲဒီလိုလေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မြေပြင်စစ်ကြောင်းတွေကလည်း ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- KNDF B-10