မော်လမြိုင် – ဩဂုတ်(၅)

မွန်ပြည်နယ်၊ဘီးလင်းမြို့မှာဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီခန့်ထားတဲ့ မွန်ဝန်ကြီးချုပ်ဟာ မော်လမြိုင်မြို့က ကျောင်းဝင်းအတွင်းခြုံရှင်းပြီး ကျိုက်မရောက စစ်တပ်ပိုင်ဝက်မွေးမြူရေးခြံကိုသွားရောက်နေပါတယ်။

နှစ်စဉ်ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရတဲ့ မွန်ပြည်သူတွေဟာ အာဏာမသိမ်းခင်က ပြည်သူအချင်းချင်းထောက်ပံ့ကူညီမှုနဲ့ အစိုးရရဲ့အကူအညီတွေရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ မူဝါဒအမှားတွေကြောင့် ပြည်သူအချင်းချင်းလည်းမကူညီနိုင်တော့သလို စစ်ကောင်စီ ကိုယ်တိုင်လည်း ဒုက္ခသည်တွေကို လျစ်လျူရှုနေတာပါ။

လက်တလော ဘီးလင်းမြို့နယ်ထဲက ပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေနဲ့ သောက်သုံးရေ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

အဲဒီလို ပြည်သူတွေအခက်အခဲကြုံနေရချိန်မှာ စစ်ကောင်စီဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကတော့ ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့ နေ့လည်ပိုင်းမှာ မော်လမြိုင်မြို့က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအတွင်းက ခြုံတွေကို စစ်တပ်၊ရဲ၊ဌာနဆိုင်ရာဝန်ထမ်းတွေ၊လူမှုရေးအသင်းအဖွဲ့တွေနဲ့ မီးသတ်တွေကို ရှင်းလင်းခိုင်းခဲ့တာပါ။

ဒါ့အပြင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေဖို့၊ အသားထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာစေဖို့နဲ့ မွေးမြူရေးလုပ်ငန်းတွေကတဆင့် ထုတ်ကုန်တွေ ကုန်ချောထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်တယ်ဆိုတဲ့ စစ်တပ်လက်အောက်ခံ ဦးပိုင် ဝက်မွေးမြူရေး ခြံကိုသွားရောက်လေ့လာခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဘီးလင်းရေဘေးကို စစ်ကောင်စီခန့် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ အဖွဲ့က လာရောက်တာ မရှိသလို လူကယ်ပြန်ဌာနကလည်း လက်ရှိအချိန်အထိ အကူအညီလာပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ဘီးလင်းမြို့နယ်ထဲမှာ မိုးအဆက် မပြတ်ရွာသွန်းမှုနဲ့ ဘီးလင်း မြစ်ရေ စိုးရိမ်ရေမတ်ထက် ကျော်လွန်လာပြီးနောက် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်အပါအဝင် ကျေးရွာပေါင်း (၂၀) လောက်မှာ ရေနစ်မြှုပ်နေပြီး ပြည်သူသောင်းနဲ့ချီကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဦးအောင်ကြည်သိန်း(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.