နိုင်ငံတော် မတည်ငြိမ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကာလကို သြဂုတ် ၁ ရက်နေ့ကနေ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NGU) ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း တော်လှန် ရေးရပ်တည်ချက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းထပ်တိုးမှု၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာနိုင်တဲ့ အခြေအနေ၊ မွန်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံးစစ်ကောင်စီက နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်နေတဲ့အတွက် အခြေအနေတွေကို တည်ငြိမ်စေဖို့ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်တိုးဖို့တင်ပြခဲ့ပြီး ကာလုံကနေ ၆ လသက်တမ်း တိုးပေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
စကစသက်တမ်းတိုးတာ ကျွန်တော်တို့ အနေနဲ့ အံ့ဩစရာတော့ မဟုတ်ဘူး။ အရင်ကတည်းက သုံးသပ်ပြီးတော့ ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားပဲ။ စကစကနေ မရရတဲ့နည်းနဲ့ အာဏာကိုဆက်ထိန်းထားမယ်။ အရင်တုန်းက အခြေခံဥပဒေပေါ်မှာ မူတည်ပြီးတော့ ဒီလိုမျိုးသက်တမ်းတိုးဖို့ ညွှန်ထားတာရှိတယ်။ နောက်ပိုင်းမှာ ကျတော့ ဘာမှအကြောင်းပြချက်မရှိပဲနဲ့ နိုင်ငံတော်ရဲ့လုံခြုံရေး၊ စစ်ရေးအခြေအနေကြောင့် တိုးတယ်လို့ အကြောင်းပြချက်ပေးတာပေါ့။ အဓိကကတော့ စကစရဲ့ အာဏာတည်မြဲရေး နောက်အာဏာဆက်ထိန်းထားရေး အတွက် ၆လတစ်ခါ တိုးတဲ့သဘောမျိုးပါ။ နောက်ထပ်လည်း ကျွန်တော်တို့တိုးဖို့ မျှော်လင့်ထားတာရှိပါတယ်။
၂။အာဏာသိမ်းကာလ နှစ်နှစ်ခွဲပြည့်ပြီးချိန်မှာ မဆိုသလောက် ပြစ်ဒဏ်အနည်းငယ်ကို လျှော့ချပေးတဲ့အပေါ် စစ်ကောင်စီအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ထွက်ပေါက်အတွက် ရှေ့ဆက် ဘယ်လိုတွေ လုပ်ဆောင်လာနိုင်မယ်လို့ မြင်ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်ငြိမ်းချမ်းသာခွင့် တစ်ဝက်လောက် ပေးတာကလည်း မထူးဆန်းပါဘူး။ ဒါကလည်း စကစရယ်၊ စစ်ကောင်စီအဆက်ဆက် လုပ်လာခဲ့တဲ့ နည်းလမ်းမျိုးပဲ။ အခက်အခဲနဲ့ တွေ့ကြုံတဲ့အခါတိုင်းမှာ ဒီလိုမျိုး ထုတ်သုံးလေ့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါဝင်ပေါ့။ အရင်တုန်းက အကျယ်ချုပ်ချထားတယ်။ ပြန်လွှတ်တယ်။ ဒီလိုမျိုး စစ်ကောင်စီရဲ့ ဆိုက်ဝါးပေါ့။ နိုင်ငံတကာဆက်ဆံရေးတွေ ဖြစ်ဖြစ်၊ နောက်လူတွေ ထင်ယောင် ထင်မှားဖြစ်အောင် အဲဒီလိုမျိုး လုပ်လေ့ရှိတယ်။
ဒါပေမယ့် ကျွန်တော်အမြင်မှာတော့ စကစရဲ့လုပ်ဆောင်ချက်အားလုံးကို နိုငငံတကာကရော၊ နောက်တော့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ အားလုံးပါပဲ။ ဒါက အားလုံးနားလည်ပါတယ်။ ဒါကလုပ်လေ့လုပ်ထရှိတဲ့ ဟိုးအာဏာသိမ်းပြီးတဲ့ ၈၈နောက်ပိုင်းမှာ ဒီအတိုင်းပဲ စလုပ်လာတာပဲ။ ၈၈ နောက်ပိုင်းမှာကျတော့ အာရုံပြောင်းသွားအောင် ရွေးကောက်ပွဲလုပ်ပြီးနောက်ပိုင်းမှာ အာဏာလွှဲပြောင်းမှုကို မလုပ်ခဲ့ဘူး။ ဟိုးနောက်ပိုင်းမှာ ညောင်နှစ်ပင်အစည်းဝေးထပ်ခေါ်တယ်။ ၁၀နှစ်ကျော်လောက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ရတယ်။ နောက်အဲဒီလိုပဲ လှုပ်ရှားခဲ့တာပဲ။ ဒါကြောင့် စကစရဲ့ဆိုက်ဝါးပဲပြောပြော၊ စက စရဲ့ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာတွေက နိုင်ငံတကာမှာရော၊ ပြည်သူတွေရော၊ နောက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာမှထူးခြားမှုမရှိဘူးလို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း မူဝါဒပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောဆိုထားတယ်ဆိုတော့ ဒီအပေါ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ မွန်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအနေနဲ့ NUG ပြောဆိုချက်အပေါ် ဘယ်လိုမြင်ပါသလဲ။
NUG အစိုးရရဲ့ ရပ်တည်ချက်နဲ့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ရပ်တည်ချက်က တစ်ထပ်တည်းပဲ ပြောလို့ရတယ်။ စကစက စိတ်ဓာတ်ရေးရာ အလှည့်အပြောင်းပဲလုပ်လုပ်၊ ဒီစစ်တပ်ရှိနေသမျှ ကာလပတ်လုံး ကျွန်တော် တို့ လိုချင်တဲ့ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ အပြောင်းအလဲဖြစ်ဖို့က မဖြစ်လာနိုင်ဘူး။ ယုံကြည်ချက်က စစ်တပ် ကို အမြစ်ပြတ်ချေမှုန်းဖို့။ ကျွန်တော်တို့ နိုင်ငံရဲ့စနစ်ပြောင်း တော်လှန်ရေးက အောင်မြင်လာမယ်။ ကျွန်တော် တို့ ယုံကြည်သလို အခုလက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုပေါ့။ နွေဦးတော်လှန်ရေး မှာပါနေကြတဲ့သူတွေ၊ နောက်ပြီး NUG တွေ၊ တခြားလက်နက်ကိုင်တွေလည်း မြင်နေကြတာပဲ။ စကစက ဘယ်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖဲပြားတစ်ချပ်အနေနဲ့ ဘယ်လိုပဲသုံးသုံး မယုံကြည်ကြတော့ဘူး။ စကစ ရဲ့ ကောက်ကျစ်မှုတွေ၊ လိမ်လည်မှုတွေ စစ်ကောင်စီအဆက်ဆက် ကျင့်သုံးလာတာကို ဘယ်သူမှ လက်မခံကြတော့ နွေဦးမှာပါဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေက စကစကို လက်နက်ကိုင်တော်လှန်ခြင်းမှအပ ဘယ်လိုမှ နိုင်ငံရေးအရ ဆွေးနွေးလို့လည်း မရဘူး။
အရင်တုန်းက နိုင်ငံရေးအရ ဆွေးနွေးလာတာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း NCA လက်မှတ်ထိုးပြီးတော့ လက်မှတ်မထိုးခင်တည်းကလည်း စစ်အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်လာခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်ကောင်စီနဲ့စကစနဲ့ အရင်တုန်း က စစ်တစ်ပိုင်းအစိုးရတစ်ပိုင်း ချဉ်းကပ်လာခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအရစစ်တပ်ကို ပြောင်းလဲမလာနိုင်ဘူး။ အခုလက်နက်ကိုင်နေတဲ့ PDF လူငယ်တွေ၊ ကျွန်တော်တို့လို မွန်ပြည်ကာကွယ်ရေးတပ်တွေ၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကျတော့ ဘယ်လိုပဲလှုပ်ရှားနေပါစေတော့၊ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးပြုပါစေ တော့။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် စစ်ရေး၊ နိုင်ငံရေးမူဝါဒကျတော့ တခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး NUGအပါအဝင် PDF နဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ပေါင်းပြီးတော့ လက်နက်ကိုင်တိုက်ပွဲနဲ့ ဆက်လက်ပြီး လုပ်သွားမှာပါ။ စစ်အစိုးရအမြစ်ပြတ်ချေမှုန်းရေးနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေးက ဖြစ်ပေါ်လာမှာပါ။
၄။ စစ်ခေါင်းဆောင်ပြောဆိုချက်ကို ကြည့်ရင် ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ မငြိမ်မသက်ဖြစ်နေတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ သူတို့တိုးယူတဲ့ သက်တမ်းအတွင်း စစ်ရေးအရှိန် ဒီထက်ပိုပြီး တိုးချဲ့လာနိုင်မလား၊ ဘယ်လိုမြင်လဲ။
စကစက စစ်ရေးလှုပ်ရှားမှုတွေကို တိုးတာတော့ တိုးလာနိုင်တယ်။ ဒါပေမယ့် အခုချိန်မှာလည်း တိုးလာနိုင်တာပဲ။ သူတို့ဘက်ကလည်း ရှိသမျှ အင်အားတွေနဲ့ပေါ့။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရော တိုက်ပွဲဝင်နေတာပဲ ဒါပေမယ့် စစ်ရေးအရ သူတို့မှာအားသာချက်မရှိဘူး။ ဘာဖြစ်လဲဆို ကြည်းတပ်က စစ်ဓာတ်ရေးရာကအစ တော်တော်လေးကျဆင်းနေတယ်။ အခုလက်ရှိ သူတို့အားကိုးနေရတာက လေတပ်ပေါ့။ ဗုံးကြဲနေတာ။ နောက် အမြှောက်တပ်၊ ပြည်သူပြည်သားတွေကို ထိခိုက်သည်ဖြစ်စေ၊ သေကြသည်ဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို ဘာမှစာနာစိတ်မထားပဲ အဝေးကနေပစ်တယ်။
သူတို့ရဲ့ လှုပ်ရှားနေတာမှန်တယ်။ ခုနက ကျွန်တော်ပြောသလို စစ်ကောင်စီရဲ့ နိုင်ငံရေးထိုးနှက်ချက်တို့၊ သံတမန်အရေး ထိုးနှက်ချက်က အရေးပါလာမယ်လို့ ကျွန်တော်တို့မမြင်ဘူး။ သူတို့စစ်တပ်ရဲ့အင်အား စိတ်ဓာတ်ရေးရာ၊ ဆက်သွယ်ရေး၊ တိုက်ပွဲတစ်ခုဖြစ်ရင် စစ်ကူအင်အားဖြည့်တင်းဖို့ တော်တော်လေး အခက်အခဲဖြစ်လာတယ်။ အမြှောက်တွေနဲ့ပဲ အားကိုးနေရတယ်ဆိုတော့ စစ်ရေးအရှိန်နှေးလာသည်ဖြစ်စေ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် သိပ်ပြီးတော့ ထိခိုက်မှုရှိလာနိုင်မှာမဟုတ်ဘူး ။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းကို မျှော်လင့်ထားသလို အဆိုးအတွက်ကိုလည်း ပြင်ဆင်ထားပါတယ်။