သံတောင်ကြီး၊ သြဂုတ်(၄)
KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ယာဒိုဒေသအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ KNU နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNU တပ်မဟာ(၂)နယ်မြေ၊ သံတောင်ကြီးမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စုအတွင်းရှိ ဝါသောခိုကျေးရွာထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပြင် ရွာသားတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု မဖြစ်ပွားခင် ထွက်ပြေးတိမ်းရှောင်ထားတဲ့အတွက် ထိခိုက်သေဆုံးမှုမရှိပေမယ့် လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွားမှာကို ကြောက်ရွံ့နေကြရတဲ့ ဝါသောခိုကျေးရွာနဲ့ အနီးအနားရှိ ကျေးရွာတွေအပါအဝင် ရွာသူရွာသား ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသူရွာသားတွေအတွက် အစားအစာ၊ ခိုလှုံရာနေရာနဲ့ ဆေးဝါးအကူအညီစတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်လျက် ရှိနေတယ်လို့ KHRG က ထုတ်ပြန်ထားခဲ့တာပါ။
KNU ရဲ့ ထုတ်ပြန်ထားချက်အရ တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသအတွင်း ပြီးခဲ့တဲ့ဇူလိုင် ၁၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား ၁၃ ရက်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း ယာဒိုဒေသ ဝါသောခိုကျေးရွာနဲ့ တပ်ကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်ခန့် ပြုလုပ်သွားခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂ လုံး ၊ ပြည်သူနေအိမ်အလုံး ၂၀ ၊ စပါးကျီတစ်လုံး၊ စိုက်ပျိုးပင်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်မှာ ယာဒိုဒေသပြည်သူ ၂,၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။
KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေထဲမှာ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာကာလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO တို့အကြား တိုက်ပွဲပေါင်း ၃၀၄ ကြိမ်ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ