DCIM100GOPROGOPR1084.JPG

မိုးဗြဲ – ဩဂုတ်(၄)

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အဓမ္မတပ်သားသစ်စုဆောင်းခံရပြီးနောက် ရှေ့တန်းစစ်စခန်းကို အပို့ခံထားရတဲ့ တပ်သားတင်သိန်းဆိုသူဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက်နဲ့ အတူ CDM ဝင်ရောက်လာတယ်လို့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၃) ရက်နေ့က အမှတ်(၁၀၀၁)၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)၊တပမ ခွဲ(၃) ကိုချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာရောက်ခိုလှုံတာတာဖြစ်ပြီး သူဟာ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခ.မ.ရ(၄၂၂) တပ်က ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်သူနဲ့အတူပူးပေါင်းလာတဲ့ တပ်သားတင်သိန်းဟာ အလုပ်နဲ့လစာပေးမယ်ဆိုတဲ့ လူတစ်ဦးရဲ့ စည်းရုံးခံရပြီးနောက် တပ်သားသစ်စုဆောင်းရေးကို အဓမ္မပို့ဆောင်ခံခဲ့ရတာဖြစ်ကာ သင်တန်း ဆင်းပြီး(၂) ရက်မြောက်နေ့မှာတော့ ရှေ့တန်းစခန်းကို ပို့ဆောင်ခံခဲ့ရတာပါ။

“သင်တန်းပြီးပြီးချင်း မိုးဗြဲဘက်ကို အပို့ခံရပါတယ်။ မိုးဗြဲမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့အချိန် ပြည်သူ့အိုးအိမ်တွေကို မီးရှို့ရတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလို့ရတယ်။ မြင်မြင်သမျှ ပစ်သတ်လို့ရတယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး သတ်ပစ်လို့ရတယ်လို့ အထက်ကညွှန် ကြားထားတာရှိတယ်။ မြေပြင်မှာလည်း လက်တွေ့ ကျွန်တော်မြင်တွေ့နေရတာကြောင့် ပြည်သူ့ ရင်ခွင်ထံခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက်ချခဲ့တာ” လို့ တပ်သားတင်သိန်းက ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ လိုအပ်လာပါက အာဏာရှင်စစ်ကောင်စီတပ်ကို ပြန်လည်တိုက် ခိုက်ဖို့ အသက်ကိုပေးရဲတယ်လို့လည်း သူက ပြောပါသေးတယ်။

အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)၊တပ်ခွဲ(၃) ကျွဲချိုတပ်ခွဲက တာဝန်ရှိသူတွေက CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဆုငွေသိန်း(၂၀) ပေးအပ်ထားသလို ထပ်မံပြီး ပြည်သူတွေနဲ့ ပူးပေါင်းလာမယ့် စစ်ကောင်စီတပ်သားတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။

လက်ရှိအချိန်မှာတော့ မိုးဗြဲမြို့ပေါ် နေရာတချို့မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သား (၂) သောင်းကျော်ရှိနေပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မိုးဗြဲ- PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.