ဘီးလင်း၊ သြဂုတ်(၄)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကထံနေ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေဟာ သြဂုတ် ၂ ရက်နေ့ကစပြီး စိုးရိမ်ရေမှတ်ထက် ၃၀ စင်တီမီတာ ကျော်လွန်ရောက်ရှိလာတဲ့အတွက် မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံတာနဲ့ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ရေကြီးနစ်မြှုပ်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကန်သာယာ၊ ဘိုးရာဇာ၊ ဘိုးလှကြီး၊ ဆရာစံရပ်ကွက်တွေအပြင် သပြေနီ၊ အလူးလေး၊ ကြီးပင်၊ ကြိမ်ဖန်၊ တောင်စွန်း၊ ရွှေလှေ၊ နှင်းပုလဲကျေးရွာက ဒေသခံထောင်ချီ ရေဘေးကြုံနေရတာပါ။
ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ပေါ် ရပ်ကွက် ၅ ခုမှာရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး လာရောက်နေထိုင်သူ ၅၀၀ နီးပါး ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ဆန်အပါအဝင် စားသောက်စရာတွေကို ကိုယ်ထူကိုယ်ထ လှူဒါန်းပေးတာတွေ ရှိနေပေမယ့် စစ်ကောင်စီရဲ့ အကူအညီရရှိမှု မရှိသလောက် နည်းပါးနေတာပါ။
ဒါပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို သြဂုတ် ၄ ရက်နေ့မှာ ပြန်လည်ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ရေဘေးသင့်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ဘီးလင်းမြစ်ရေဟာ သြဂုတ် ၃ ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာထက် ၂၆ စင်တီမီတာ ကျော်လွန်နေသေးတာ ဖြစ်ပါတယ်။မွန်ပြည်နယ်ဟာ ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုဘေးအန္တရာယ်ကို နှစ်စဉ်နီးပါး ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးမှာ လူပေါင်း ၇၀ နီးပါး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ