ရန်ကုန်၊ သြဂုတ်(၄)
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဖြစ်ပွားနေတဲ့ လက် နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သြဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ဟာ နိုင်ငံရဲ့ အရှေ့တောင်၊ အရှေ့မြောက်နဲ့ အနောက်မြောက်ဖက်ပိုင်းတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ထပ်ရှိလာတာ ဖြစ်ပါတယ်။
အဲဒီနှစ်ပတ်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းက လူပေါင်း ၂၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ရပြီး လူသားချင်းစာနာမှု ဆိုင်ရာလိုအပ်ချက်တွေ များပြားနေဆဲဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၆ ရက်နေ့ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က နမ့်ဆမ်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် လူပေါင်း ၇၀၀ ကျော်ဟာ ဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်းခဲ့ရတာပါ။
ကုလသမဂ္ဂရဲ့ ဇူလိုင် ၂၄ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီး အဲဒီထဲက လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media