နေပြည်တော်၊ သြဂုတ်(၄)

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်တိုက်ပွဲရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နိုင်ငံတဝန်းရှိ တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ ခံစစ်အတွက် စစ်ရေးပြင်ဆင်မှုနဲ့ စိတ်ဓာတ်မြှင့်တင်ရေး စီမံချက်တွေ စနစ်တကျ လုပ်ဆောင်ထားဖို့ လျှို့ဝှက်ညွှန်ကြားလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်တပ်ထိပ်ပိုင်းအစည်းအဝေးမှာ တပ်ရင်းတပ်ဖွဲ့တွေ လိုက်နာဖို့အချက် ၁၀ ချက်ပါ စီမံညွှန်ကြားချက်ကို လျှို့ဝှက်အနေနဲ့ ထုတ်ပြန်လာတာလို့ စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းဝိုင်းဆီက သိရပါတယ်။

အဲဒီညွှန်ကြားချက်မှာတော့ တပ်ရင်းတပ်ဖွဲ့တွေအားလုံး ဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေးလျှို့ ဝှက်မျှော်စင်တွေ တည်ဆောက်ဖို့၊ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေရဲ့ လုံခြုံရေးအတွက် တပ်စခန်းပတ်လည်မှာ ဆက်သွယ်ရေးမြောင်းတွေတူးဖော်ဖို့နဲ့ တပ်ခြံစည်းရိုးတွေရဲ့ အတွင်းစည်း ၆ ပေပတ်လည်အတွင်း နင်းမိုင်း၊ တိုက်မိုင်း၊ ကြီးကြပ်မိုင်းတွေ တပ်ဆင်းထားရှိဖို့ ဖြစ်ပါတယ်။

နောက်ချန်အင်အားဖြစ်တဲ့ စစ်သည်၊ ရဲမေ၊ မှီခိုအားလုံးကို လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တွေအ တိုင်း အတိအကျလိုက်နာစေရေး ဇာတ်တိုက်လေ့ကျင့်မှုတွေပြုလုပ်ဖို့နဲ့ မိမိတပ်ကိုမိမိရဲ့ မိသားစုလိုမျိုး သဘောထားပြီး ကာကွယ်စောင့်ရှောက်သွားကြဖို့ တန်းစီချိန်တွေနဲ့ မိသားစုဆွေးနွေးပွဲတွေမှာ တပ်ရင်းမှူးတွေက ဦးဆောင်ဆွေးနွေးသွားဖို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီဘက်က အခုလိုတပ်တွင်းစစ်သည်တွေကို ညွှန်ကြားလာတဲ့အပေါ် အညာဒေသအခြေစိုက် 96 Soldiers PDF တာဝန်ခံ ကိုဇေယျာလွင်ကတော့ သူတို့ စခန်းတွေမကျရေး ခံစစ်အတွက် ဦးစားပေးပြင်ဆင်တာလို့ သုံးသပ်ပါတယ်။

“သူတို့စိတ်ဓာတ်ပျက်ပြားနေပြီလို့တော့ ကျွန်တော်တော့ အရမ်းကြီးမမြင်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့ဘက်က လောလောဆယ်မှာ ထိခိုက်ဆုံးရှုံးတဲ့အပိုင်းတွေများတယ်။ သူတို့ခုခံစစ်ကို ရောက်နေတယ်။ သူတို့ရဲ့ ခံစစ်စည်းကို လုံအောင်ပြင်ဆင်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုက သူတို့အခြေအနေကို သူတို့မြင်တွေ့သဘောပေါက်တယ်လို့ ယူဆတယ်။ သူတို့အကျပိုင်းရောက်နေပြီပေါ့။ သူတို့ အင်အားနည်းနေပြီ။ အဲဒီအတွက်ကြောင့် သူတို့စခန်းတွေမကျရေးကို သူတို့ဦးစားပေးပြီး ခုခံစစ်အတွက် ပြင်ဆင်တယ်လို့ ကျွန်တော်မြင်တယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ အခုကာလဟာ နိုင်ငံတော်လုံခြုံရေး အရေးပေါ်ကာလဖြစ်လို့ မိမိတို့နဲ့ မသက်ဆိုင်တဲ့သတင်းတွေ၊ Video ကလစ်တွေကို လုံးဝကြည့်ရှုခြင်းမပြုဖို့အကြီးအကဲတွေကိုယ်တိုင် လိုက်လံစစ်ဆေးကြီးကြပ်သွားဖို့ကိုလည်း ညွှန်ကြားလာတာပါ။

တိုက်ပွဲအတွင်း စစ်သည်တွေသေဆုံးတာ၊ ဖမ်းဆီးခံရတာတွေအပြင် ရှေ့တန်းစခန်းကျသွားတဲ့ အခြေအနေတွေကို အွန်လိုင်းဆိုရှယ်မီဒီယာကနေ ကြည့်ရှုပြီး စိတ်ဓာတ်ပြောင်းလဲသွားမှာစိုးတဲ့အတွက် အခုလိုကြီးကြပ်စစ်ဆေးဖို့ လုပ်ဆောင်တာလို့ CDM စစ်ဗိုလ်တွေက ထောက်ပြကြပါတယ်။

အရာရှိ၊ စစ်သည်၊ မှီခိုတွေအနေနဲ့ မိမိတို့ဟာ စည်းလုံးညီညွတ်တဲ့ တပ်မတော်ဖြစ်လို့ ရန်သူကိုအမြစ်ဖြတ် တိုက်ခိုက်ချေမှုန်းသွားဖို့နဲ့ နိုင်ငံတစ်ဝန်း စစ်ဆင်ရေးကာလဖြစ်တဲ့အတွက် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအားလုံး ခက်ခဲကြမ်းတမ်းမှုတွေကို အမှုမထားဘဲ ကြံ့ကြံ့ခံရပ်တည်သွားကြဖို့ စစ်ကောင်စီက တိုက်တွန်းပါတယ်။

ဒါ့အပြင် တပ်အတွင်း စားဝတ်နေရေး ပြေလည်စေဖို့ တပ်တွင်းသက်သာဆိုင်တွေမှာ စားသောက်ကုန် မပြတ်စေရေး၊ တပ်ရင်းမှူးတွေအနေနဲ့ အိမ်ထောင်သည်လိုင်းခန်းတွေကို မကြာခဏသွာရောက်စစ် ဆေးပြီး လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့နဲ့စိတ်ဓာတ်ရေးရာအရ အားပေးမှုတွေပြုလုပ်သွားကြဖို့ကိုလည်း ညွှန်ကြားထားတာပါ။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ တပ်ရင်းတွေ ဝင်ရောက်တိုက်ခိုက်ခံရတော့မယ့်အထိကို ရည်ရွယ်ထားတဲ့အတွက် စစ်ကောင်စီက အခုလိုပြင်ဆင်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုချိန်မှာ တကယ့်ကိုတပ်ရင်းတွေကို အတိုက်ခံရတော့မယ့်အထိကို ရည်ရွယ်ထားတဲ့အတွက် သူတို့တွေ ဒီလိုမျိုး ပြင်ဆင်လာတဲ့အနေအထားမျိုးတွေ ဖြစ်ပါတယ်။ စစ်သည်တွေ စိတ်ဓာတ်စစ်ဆင်ရေးကိုလည်း သူတို့တွေလုပ်နေရတယ်။ အထူးသဖြင့် တပ်တွင်းစည်းရုံးရေးပြိုကွဲပြီး တပ်ကအင်အားလျော့နည်းမှာကိုလည်း သူတို့အရမ်းကြောက်တယ်။ ဒီလိုမျိုးတပ်တွင်းကနေ ဖရဲသီးတွေ သတင်းပေးမှာကိုလည်း သူတို့အရမ်းကြောက်တယ်။ အဲဒီအတွက် တပ်ရင်းမှာတာဝန်ရှိတဲ့ အရာရှိတွေ၊ တပ်မှူးတွေနဲ့ အတင်းကြီးကြပ်ခိုင်းတဲ့ အနေအထားမျိုးဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက နိုင်ငံတော်ကို ကြေညာထားတဲ့ အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ၆ လ ထပ်မံတိုးယူခဲ့ပြီး တပ်ရင်းတပ်စခန်းနဲ့ လုံခြုံရေးဆိုင်ရာ ရုံးတချို့မှာတော့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတာပါ။

တစ်ဖက်မှာလည်း စစ်ရေးတင်းမာတဲ့ ဒေသတချို့ကိုတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းမှုတွေ လုပ်ဆောင်လာနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကိုလည်း ခံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.