နေပြည်တော်၊ သြဂုတ်(၄)

အရေးပေါ်သက်တမ်း ၆ လ ထပ်မံတိုးယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အဖွဲ့ဝင်တချို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ထိပ်ပိုင်းပုဂ္ဂိုလ်တချို့ကိုလည်း ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ ဩဂုတ် ၂ ရက်နေ့က ကြေညာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနဲ့ ဒေါက်တာအောင်ကျော်မင်းတို့ကို တာဝန်ကနေဖယ်ရှားခဲ့သလို ဒေါက်တာကျော်ထွန်းကိုတော့ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်ကနေ စစ်ကောင်စီအာဏာသိမ်းယူတဲ့ကာလအထိ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ စစ်ဥပဒေချုပ်ဟောင်း ဦးထွန်းထွန်းဦးကို ကျန်းမာရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီက အနားယူခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာ ဌေးအောင်နဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်တို့ကိုလည်း ကျန်းမာရေးအရ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာနက ဦးမျိုးမြင့်ဦးနဲ့ အလုပ်သမားဝန်ကြီးဌာနက ဒေါက်တာပွင့်ဆန်းတို့ကိုလည်း အနားပေးခဲ့ပါတယ်။

လတ်တလောမှာတော့ အနားပေးခံထားရသူတွေရဲ့နေရာမှာ အစားထိုးခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ထိပ်ပိုင်းအရာရှိတချို့ရဲ့ နာမည်စာရင်းတွေကိုတော့ စစ်ကောင်စီဘက်ကနေ ထုတ်ပြန် ကြေညာတာတော့ မရှိသေးပါဘူး။

စစ်ကောင်စီအဖွဲ့မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နဂိုရယူထားတဲ့ ဥက္ကဌရာထူးအတိုင်းဆက်ရှိနေသလို ထိပ်ပိုင်းရာထူးယူထားတဲ့ စစ်တပ်အရာရှိ ဗိုလ်ချုပ်တွေကတော့ အပြောင်းအလဲမရှိ ဆက်ရှိနေပါတယ်။

အရေးပေါ်ကာလသက်တမ်းတိုးယူပြီးတိုင်း ကောင်စီအဖွဲ့ဝင်တွေ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ ထိပ်ပိုင်းအရာရှိပုဂ္ဂိုလ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကောင်စီက ရာထူးအပြောင်းအလဲတွေ အနားပေးတာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.