သာယာဝတီ – ဩဂုတ်(၂)

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ (၁၅)ဦးကို အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူ(၁၅) ဦးဟာ အာဇာနည်နေ့ အထိမ်းအမှတ် အနက်ရောင်ဖဲကြိုးပြားကို ရင်ဘတ်မှာ ချိတ်ဆွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ခံထားရတာပါ။

တိုက်ပိတ်ခံခဲ့ရတဲ့ အကျဉ်းသူတွေဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်သုံးနှစ်ကနေ တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံထားရသူတွေဖြစ်ပြီး အသက်(၁၈) နှစ်ကနေ အသက်(၆၀) ကျော်အရွယ် တွေအထိပါဝင်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့သိရတာ ပြန်လည်လွတ်မြောက်လာတဲ့သူတွေဆီကပါ။ တချို့လည်း ရိုက်နှက်နှိပ် စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီမှာ ဒေါ်ရီရီဆွေဆိုတာ အသက်က(၆၀) ကျော်ပြီဗျ။ အာဇာနည် နေ့တည်းက တိုက်ပိတ်ခံထားရတာ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ အပြင် အကြမ်းဖက်ဖောက်ခွဲရေး ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလတည်းက ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားတဲ့အတွက် လက်ရှိ အချိန်မှာ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ခွင့်ကန့်သတ်ထားတာဖြစ်ပါတယ်။

သာယာဝတီထောင်မှာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူတွေဟာ မနှင်းလဲ့နန္ဒာလွင်၊မရွှန်းအိဖြူ၊ မနီလာစိမ်း၊မဆုရည်ပိုင်၊မဝတ်ရည်လွင်၊မအေးသီတာကျော်၊ မရီရီဆွေ၊မလွင်လွင်ညွန့်(ခ) အားဂျာ၊မစန္ဒီညွန့်ဝင်း၊မအေးသက်စံ၊မရွှေရည်ညွန့်(ခ)သဲသဲ၊မယမင်းထက်၊မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနဲ့ မမိုးမြတ်သဇင်တို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ နိုင်ငံတဝန်းမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ နီးပါး ရှိတယ်လို့ ဩဂုတ်လ(၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.