ရေး၊ သြဂုတ်(၃)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေရွာ ရေး-သံဖြူဇရပ်ကားလမ်းမှာ ရေးမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဦးရဲနီလင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ရေးမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဦးရဲနီလင်းဟာ ရေးမြို့ကနေ မော်လမြိုင်မြို့သို့အပြန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
ကျေးလက်လမ်းဦးစီးမှူး ဦးရဲနီလင်းဟာ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးသလို သူ့ကိုဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားလဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရေး-သံဖြူဇရပ်ကားလမ်းမှာ ပြီးခဲ့တဲ့ဇွန်လကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ မကြာခဏ စစ်ဆေးတာတွေရှိနေသလို စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီကတော့ ဝန်ထမ်းတွေအနေနဲ့ နယ်ကျော်ခရီးသွားလာပါက ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစ(၁၉)ဌာနချုပ်ထံ သတင်းပေးပို့ဖို့နဲ့ ခွင့်ပြုချက်ရမှ ခရီးသွားလာကြဖို့ ဌာနဆိုင်ရာအားလုံးကို ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကတည်းက ညွှန်ကြားထားပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး နယ်မြေတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media( ရေး-သံဖြူဇရပ်ကားလမ်းမှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ လုံခြုံရေး စစ်ဆေးနေစဉ်)