တနင်္သာရီ၊ သြဂုတ်(၃)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၆၁ တပ် ရင်းကို ပြီးခဲ့တဲ့သြဂုတ် ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်တစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာလည်း တနင်္သာရီမြို့ ကမ်းနားလမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပူးပေါင်းတပ်ဖွဲ့က လက်နက် ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ရင်းနဲ့စရဖရုံး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် မြေပြင်အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တနင်္သာရီ မြို့ပေါ်ရှိ ပြည်သူ့နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲအကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media