လွိုင်ကော် – ဩဂုတ်(၂)
စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ကယားပြည်နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကားအစီး (၁၀၀) ကျော်အသုံးပြုပြီး လက်နက်နဲ ရိက္ခာတွေ ဖြည့်တင်းနေသလို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNDF စစ်ရေးချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်ကနေ (၂၇) ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကယား ပြည်နယ်ထဲကို နေ့စဉ်စစ်ကားအစီးရေ (၄၀) ကနေ (၅၀) ကြား ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီယာဉ်တန်းဟာ လွိုင်ကော်မြို့အခြေေစိုက် ခ.လ.ရ(၅၄) တပ် ထဲကို ရောက်ရှိသွားပြီဖြစ်ကာ အဲဒီယာဉ်တန်းက စစ်ကားတွေမှာ တစ်စီးကို (၁၀) ဦး လောက်သာ တင်ဆောင်လာပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ အဓိက ပို့ဆောင်နေတာ ဖြစ်တယ် လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။
“ည (၇)နာရီဝန်းကျင်လောက်မှာဖြစ်တယ်။ကျွန်တော်တို့စစ်ကောင်စီရဲ့ စစ်ကား(၂)စီးကိုဘဲ ဖျက်ဆီးပြီးတော့မီးရှို့နိုင်ခဲ့တယ်။အဲတာပဲကျွန်တော်တို့လုပ်နိုင်တယ်ခင်ဗျ။ ယူဆရတာတစ် ခုကတော့ လာမယ့်ပွင့်လင်းရာသီ အတွက်လည်းပါတယ်။အခုမိုးတွင်းအတွက်လည်းပါတယ်။ မိုး တွင်းမှာလည်းရိက္ခာတွေပြန်လည်ဖြည့်တင်းနိုင်ဖို့ အတွက်ပါမယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ” လို့ သူကပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ(၂၄) ရက်နေ့ ညပိုင်းကလည်း အဲဒီယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNDF ပူးပေါင်းတပ်က ပြည်ထောင်စု လမ်းမကြီး ကုန်းသာနဲ့ ဝါရီကော ခူကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သူက ပြောပါသေးတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီကား(၂) စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ (၈) ရက်ကြာတိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က (၂၀) ထက်မနည်းသေဆုံးခဲ့သလို MA-1(၅)လက်၊ MA-(2) စက်ကလေး(၁)လက်၊MA-3(၂)လက် အပါအဝင် ခဲယမ်းမီးကျောက်နဲ့ အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ရဲ့အချက်အလက်တွေအရ သိရပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်တွေအရ ကယားပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ကား(၆၄) စီးအထိတိုက်ခိုက်ခဲ့သလို တိုက်လေယာဉ်တစ်စီးလည်း ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းကထိတွေ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၂၃၀) အထိသေဆုံးခဲ့တဲ့အတွက် တပ်ရင်းအသစ်တွေနဲ့ပါ ပြည်နယ် အတွင်း ဆက်တိုက်အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF