သထုံ၊ ဇူလိုင်(၂)
မွန်ပြည်နယ် သထုံမြို့အတွင်း ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သက်တမ်းရင့်သစ်ပင်တွေ ပြိုလဲခဲ့တဲ့အတွက် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့နယ် အောက်ကျင်းရပ်ကွက် ဘူတာရုံလိုင်းခန်းရှိ နေအိမ်တစ်လုံးအပေါ် သက်တမ်းရင့်ကုက္ကိုပင် လဲပြိုခဲ့တဲ့အတွက် မိသားစုဝင်တွေ ဖြစ်တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရရှိခဲ့တဲ့တွေကိုတော့ လူမှုကယ်ရေးအဖွဲ့အကူအညီနဲ့ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
အဲဒီနေ့ ညပိုင်းမှာပဲ သထုံမြို့ သိမ်ကုန်းရပ်ကွက်မှာ သစ်ပင်တချို့ လဲပြိုခဲ့တဲ့အတွက် နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သထုံမြို့ အောက်ကျင်း၊ နန်းခဲ၊ သိမ်ကုန်း၊ဘင်လှိုင်ရပ်ကွက်အပါအဝင် ကျေးရွာတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုဘေးအန္တရာယ်ကို အထူးသတိထားကြဖို့ မိုးဇလကထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်တဝှမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်တတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၄ ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့သလို ဒေသခံထောင်နဲ့ချီ ရေဘေးသင်ခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ