နေပြည်တော်၊ သြဂုတ်(၂)
နိုင်ငံတော်ကို လက်နက်အားကိုးနဲ့ အရေးပေါ်ကာလဆိုပြီး သက်တမ်းအကြိမ်ကြိမ်တိုး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ နောက် ၆ လအတွင်း တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတည်ငြိမ်စေဖို့ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်တိုးဖို့ တင်ပြခဲ့တာပါ။
ကာလုံအစည်းအဝေးကို တက်ရောက်လာကြသူတွေက စစ်ခေါင်းဆောင်တင်ပြချက်အပေါ် ကန့်ကွက်မယ့်သူမရှိဘဲ သဘောထားကိုယ်စီနဲ့ ဆွေးနွေးထောက်ခံခဲ့ကြပြီး စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလသက်တမ်း ထပ်တိုးပေးခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်ကောင် စီအနေနဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလည်း တော်လှန်ရေးအရှိန်အဟုန်ပြင်းစွာနဲ့ ပြောင်းလဲတိုး တက်နေတဲ့အတွက် ဘာမှမယ်မယ်ရရ လုပ်နိုင်မှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မင်းအောင်လှိုင်ရဲ့ ပထမ ၆ လ သူ့အိမ်မက်ကတော့ ဘာမှဖြစ်မလာဘူးဆိုတဲ့ အနေအထားပါပဲ။ ရှေ့ ၆ လ ထပ်တိုးတယ်ဆိုတာကလည်း အဓိကတော့ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် လုပ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။ နောက်ထပ် ၆ လ မှာလည်း သူဘာမှ ထိထိရောက်ရောက် မည်မည်ရရ လုပ်နိုင်မယ်လို့တော့ ကျွန်တော်တို့က မထင်ဘူး။ အဲဒီအတွက်ကြောင့် တော်လှန်ရေးအနေနဲ့ကလည်း အရှိန်အဟုန်ပြင်းစွာနဲ့ တရိပ်ရိပ်ပြောင်းလဲတိုးတက်နေတာ အများကြီးရှိတဲ့အတွက်ကြောင့် မင်းအောင်လှိုင်အနေနဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလည်း ဘာမှထူးထူးထွေထွေတော့ သူလုပ်နိုင်မယ်လို့ မယူဆပါဘူးဗျ”လို့ သူက ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီအနေနဲ့ ရှေ့ဆက်ပြီးတော့လည်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ မတရားသတ်ဖြတ်မှုတွေ လျော့သွားဖို့မရှိဘဲ ဆက်ရှိနိုင်သလို အဘက်ဘက်ကဖိအားတွေကြောင့် ထွက်ပေါက်ရှာတဲ့ အခြေအနေမျိုးလည်း ဖန်တီးနိုင်တယ်လို့ ဦးနေဘုန်းလတ်က မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်ကတော့ ကာလုံအစည်းအဝေးမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ ကယား၊ ချင်းနဲ့ မွန်စတဲ့ဒေသအတွင်းရှိ အချို့မြို့နယ်တွေမှာ NUG ၊ PDF နဲ့ EAO တချို့ရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးအခြေအနေဟာ အားနည်းလျော့ပါးနေသလို ပြီးခဲ့တဲ့အာဏာသိမ်းကာလထက်စာရင် ပိုမိုဆိုးဝါးလာနေတာကြောင့် နောက် ထပ် ၆ လ ကြာရင်လည်း အခုထက် ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
”စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရေးဟာ အားနည်းလျော့ပါးကျဆင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒါကို အင်အားဖြည့်စရာ အခြေအနေလည်းမရှိဘူး။ အဲဒါကြောင့်လုံခြုံရေးက ပြီးခဲ့တဲ့ ၂ နှစ်ကထက်စာရင် ပိုမိုဆိုးဝါးစွာကျဆင်းလာတယ်။ နောက်ထပ် ၆ လ ကြာရင်လည်း ဒီထက်ပိုမိုဆိုးဝါးစွာ ကျဆင်းလာနိုင်ပါတယ်။ နောက်လာမယ့် ၆ လအတွင်းမှာ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားစုတွေ အပြီးတိုင် လက်နက်ချသွားတဲ့အဆင့်အထိ ဖြစ်နိုင်တဲ့အနေအထားကို ရောက်ရှိနေပါပြီ”လို့ သူက ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရန်သူ့အင်အား ၂၉,၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သလို ၁၁,၀၀၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ မေနှောင်းပိုင်းမှာထုတ်ပြန်တဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းမှာ ဖော်ပြပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဒီကနေ့အချိန်ထိ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစတဲ့ကဏ္ဍပေါင်းစုံ ပျက်စီးယိုယွင်းလာနေသလို တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ကြတဲ့ အင်အားစုတွေလည်း ပိုမိုများပြားနေတာပါ။
ဒါ့အပြင် တရားဥပဒေစိုးမိုးမှုကလည်း ငြိမ်ဝပ်ပိပြားမှုမရှိသလောက် ယုတ်လျော့လာနေပြီး စစ်ကောင်စီ အမြဲတမ်းကြွေးကြော်နေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲကလည်း ကျင်းပဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပေါ်နေတာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတည်ငြိမ်အောင်ထိန်းဖို့ ပစ်မှတ်မရွေး စစ်အင်အားအလုံးအရင်းနဲ့ လုပ်ခဲ့ပေမယ့် လက်ရှိမှာနဂိုထက် မငြိမ်မသက်မှုတွေ ပိုဆိုးလာနေတာကြောင့် နောက် ၆ လလည်း ထိန်းနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“သူတို့အနေနဲ့ (စကစ) ထိန်းမယ်ထိန်းမယ်နဲ့ ထိန်းလာခဲ့တာပေါ့။ အခုဆို ၂ နှစ်နဲ့ ၆ လ ရှိခဲ့ပြီ။ ဒါပေမယ့် အခြေအနေက နဂိုကထက် ပိုပိုဆိုးလာတယ်။ သူတို့အနေနဲ့ နောက်ထပ်ထိန်းမယ်ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ စစ်အင်အားအလုံးအရင်းသုံးပြီးတော့ တိုက်နေတာပဲလေ အခုလည်း ပစ်မှတ်မရွေးဘူး၊ အရပ်ဘက်ပစ်မှတ်ရော၊ စစ်ရေးပစ်မှတ်ရော မရွေးဘဲနဲ့ အကုန်လုံးကို လျှောက်တိုက်နေတာပဲ။ ပိုပိုပြီးတော့ ဆိုးလာတယ်၊ ပိုပြီးတော့ မငြိမ်မသက်မှုတွေ ဖြစ်လာတယ်။ နောက် ၆ လမှာလည်း ထိန်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ သူ့ဘက်က သူ့အာဂျင်ဒါနဲ့သူ သွားတယ်ဆိုပေမယ့် လက်တွေ့မြေပြင်အခြေအနေကတော့ နောက် ၆ လနဲ့ပဲ မူလအတိုင်းပြန်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေရှိမှာမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံရေးနည်းအရ ဆွေးနွေးအဖြေရှာဖို့ စိတ်မရှိဘဲ အားသန်တဲ့စစ်ရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ရှေ့လျှောက်အရေးပေါ်ကာလသက်တမ်းကို အကြိမ်ပေါင်းများစွာ တိုးနေရဦးမှာဖြစ်ပြီး ပြည်သူတွေ ပိုပိုပြီး ဒုက္ခရောက်လာဦးမယ်လို့ ဦးဖေသန်းက ထောက်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာ သိမ်းတဲ့ နှစ်နှစ်ခွဲအတွင်း စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရသူ ၃၈၅၀ ကျော်ရှိပြီး ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၁၉၇၀၀ ကျော်ရှိပြီလို့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOI