မော်လမြိုင်၊ သြဂုတ်(၂)

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းအသီးသီးမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၅၀၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်တယ်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြန်လွတ်ပေးလိုက်တဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေဟာ ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်၊ သထုံအကျဉ်းထောင်အပါအဝင် ကျောက်ထုတ်စခန်း ၁၁ ခုက အကျဉ်းသူ၊ အကျဉ်းသားတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာ ကျိုက်မရောဗဟိုအကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ၉၆ ဦး၊ သထုံအကျဉ်းထောင်က ၁၁၉ ဦး၊ မော်လမြိုင်အချုပ်ထောင်က ၆၅ ဦးနဲ့ အများဆုံး ပါဝင်နေတာပါ။

ဒါပေမဲ့ စစ်ကောင်စီပြန်လွတ်ပေးတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးနေပြီး အများစုဟာ ရဲပြေး၊ တပ်ပြေးအပါအဝင် ခိုးမှု၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေ အများဆုံးပါဝင်တယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သံလွင်တိုင်းကစုံစမ်းမှုအရ အကျဉ်းသူ၊ အကျဉ်းသား ၁၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပြန်လွတ်လာပြီး သူတို့တွေဟာ လွတ်ရက်စေ့တော့မယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ သြဂုတ် ၁ ရက်နေ့မှာ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီး ပြစ်ဒဏ်ချခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၇၇၄၉ ဦးကို ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MRTV web

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.