ဘီးလင်း၊ သြဂုတ်(၂)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရွှေဆိုင်လုပ်ငန်းရှင်နဲ့CDM ဆရာမတွေ အပါအဝင် ၁၀ ဦးနီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ ဘီးလင်းမြို့ အမှတ် ၈ ရပ်ကွက်၊ ဆရာစံရပ်ကွက်နဲ့ တောင်စွန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ဒေသခံ ၁၀ ဦးနီးပါးကို ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးသွားတဲ့သူတွေထဲမှာ မိဘမေတ္တာရွှေဆိုင်ပိုင်ရှင် ကိုဇော်ဝင်းဦး၊ CDM ဆရာမ ဒေါ်အေးအေးခိုင်၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း မအိဖြူဇင်နဲ့ ဒေသခံကိုဝင်းနိုင်အပါအဝင် ဒေသခံ ၁၀ ဦးနီးပါး ဖမ်းဆီးခံလိုက်ရတာပါ။

အဲဒီထဲမှာ မိဘမေတ္တာရွှေဆိုင်ပိုင်ရှင် ကိုဇော်ဝင်းဦးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ဒေသခံအများစုကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်။

စစ်ကောင်စီကတော့ သူတို့ဖမ်းဆီးထားတဲ့သူတွေဟာ နိုင်ငံတော်အကြည်အညိုပျက်အောင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်ရေးသားတာ၊ PDF ထောက်ပို့လုပ်တာ၊ ဗုံးခွဲမှုတွေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံဒေသတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေအပြင် ရာဇသတ်ကြီး ဥပဒေပုဒ် ၅၀၅(က) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၂၀၀၀၀ နီးပါး ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.