ဘီးလင်း – ဩဂုတ်(၂)

မွန်ပြည်နယ်၊ ဘီးလင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ကျော်လွန်ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးဇလဦးစီးဌာနက ဩဂုတ်လ(၂) ရက်နေ့ မနက်(၇) နာရီခွဲ တိုင်းတာချက်ကို သတင်းထုတ်ပြန်ထားပါတယ်။

မြစ်ရေဟာ နောက်(၁) ရက်အတွင်း စိုးရိမ်ရေမှတ်ရဲ့ (၁)ပေကျော်အထိ ဆက်လက်မြင့်တက်လာနိုင်တဲ့အတွက် ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးတဝိုက်နေသူတွေနဲ့ မြေနိမ်််ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မနက်ပိုင်းမှာ ဘီးလင်းမြို့နယ်က ကျေးရွာတချို့ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေလို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး၊ ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကျိုက်ထို၊ ဘီးလင်း၊ပေါင်၊မုဒုံ၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်ပြောင်းရွှေ့ရတာတွေရှိနေပါတယ်။

ဒါ့အပြင် ဇူလိုင်လတတိယအပတ်ကလည်း မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုကြောင့် ကလေးငယ်(၃) ဦးအပါအဝင် (၄) ဦးရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့သလို ဒေသခံထောင်နဲ့ချီ ရေဘေးသင့်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.