ရန်ကုန်၊ သြဂုတ်(၂)

မတရားဖမ်းဆီး အကျဉ်းကျခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း မူဝါဒပြောင်းလဲသွားမှာမဟုတ်ဘဲ ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် ဇူလိုင် ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ရဲ့ အထူးအစည်းအဝေးအတွင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို အသိပေးပြောဆိုခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် မူဝါဒပြောင်းလဲသွားမလားလို့ မေးတာတွေရှိတဲ့အတွက် လုံးဝပြောင်းလဲသွားမှာမဟုတ်ဘဲ ပြည်သူလူထုဆန္ဒကို အလေးထားသွားမယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသမျှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှာမဟုတ်ကြောင်းနဲ့ စစ်အုပ်စုပြုတ်ကျရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း အာဏာရှင်လုံးဝအမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ကြောင်းနဲ့ စစ်အုပ်စုအကွက်ဆင်တဲ့ဘက်မလိုက်သွားဖို့ အရေးကြီးကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဇူလိုင် ဒုတိယအပတ်နဲ့ နှောင်းပိုင်းကာလတွေမှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တချို့နဲ့ တွေ့ခွင့်ပေးခဲ့သလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လာတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်အာဏာသိမ်းမှု နှစ်နှစ်ခွဲနီးပါးအတွင်း မြေပြင်ထိတွေ့တိုက်ပွဲတွေအပြင် နိုင်ငံရေးနဲ့ သံတမန်ရေးရာတွေမှာ အဘက်ဘက်က ရှုံးနိမ့်နေလာတဲ့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးဖို့ ခြေလှမ်းနေတာလို့ ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Getty Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.