မော်လမြိုင် – ဩဂုတ်(၂)

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး (၁၄၄) ကြိမ်အထိကျူးလွန်ခံထားရပြီး ပြည်သူ(၁၅၉၅) ဦးအထိသေဆုံးခဲ့ရတယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကို ပြည်သူတွေ ဆက်လက်တော်လှန်နေတဲ့အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စနစ်တကျ ကျင့်သုံးနေတာဖြစ်သလို ပိုမိုပြင်းထန်စွာနဲ့ ကျယ်ပြန့်စွာ ကျင့်သုံးနေတာဖြစ်တယ်လို့ NUG ကဆိုထားတာပါ။

လက်ရှိမှာတော့ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခံရမှုတွေကို လူ့အခွင့်အရေးဝန်ကြီးဌာနကို ပေးပို့ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

NUG အစိုးရလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကို အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ကာတရားမျှတမှုရှာဖွေရေး လုပ်ငန်းတွေကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းထားချိန်ကစပြီး ပြည်သူ(၅) ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ၂၀၂၁ခုနှစ်မှာ (၁၁) ကြိမ်၊၂၀၂၂ ခုနှစ်မှာ (၈၅)ကြိမ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း (၄၅) ကြိမ် အထိကျူးလွန်ထားတာ ဖြစ်တယ်လို့ NUG က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.