အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး စတင်ထုတ်ဝေနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူအသစ် ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် ရွှေ၊ ဒေါ်လာ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာခဲ့ပြီး ဈေးကွက်ပျက်တဲ့အထိ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ် ထုတ်ဝေမှုဂယက်၊ စီးပွားရေးနဲ့ဘဏ်တွေအပေါ်သက်ရောက်မှု၊ စစ်ကောင်စီလက်ထက် ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေ၊ NUG ရဲ့ နွေဦးဘဏ် အလားအလာတွေနဲ့ ပတ်သက်ပြီး ဘဏ်လုပ်ငန်းကျွမ်းကျင်သူလည်းဖြစ်သလို NLD အစိုးရ ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘဏ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ။

ဘဏ်တွေနဲ့ တိုက်ရိုက်မပတ်သက်ဘူးထင်တယ်။ ငွေအသုံးချမှုနဲ့ ဆိုင်တယ်။ သူကဘဏ်တွေပေါ်မှာ မယုံကြည်ဘူးဆိုပြီးလည်း မဟုတ်ဘူးပေါ့။ ဘဏ်က နဂိုကဘဏ်တွေပိတ်ဆို့မှုဖြစ်တုန်းက ဘဏ်တွေအပေါ် မယုံကြည်မှုဖြစ်ခဲ့တယ်။ ဘဏ်တွေပေါ် အပ်ငွေတွေလျော့သွားတယ်။ သုံးတာ တတ်နိုင်သလောက်နည်းသွား တယ်ပေါ့။ ဘဏ်ကိုမအပ်ကြဘူး။ ငွေရှိတဲ့သူကလည်း တဖက်မှာ ဒီပစ္စည်းတွေ ဝယ်တာရှိတယ်။ အခုဟာက ငွေအလုံးအရင်းနဲ့ထားတဲ့အပေါ်မှာ ယုံကြည်မှုအားနည်းလာတယ်။ အားနည်းလာတဲ့အခါ ငွေကိုငွေသားနဲ့ကိုင်ထားလို့ရှိရင် စိတ်မချဘူးဆိုရင်တော့ အဲဒီအမြင်နဲ့တော့ ဘဏ်ကနေငွေထုတ်ပြီး ပစ္စည်းဝယ်တာတို့ ဖြစ်နိုင်တယ်။

လောလောဆယ်မှာ ကျန်တဲ့ဈေးကွက်တွေက ပျက်နေတော့ လူတွေမှာရွေးချယ်စရာသိပ်မရှိဘူးပေါ့။ ဘဏ်အပ် ငွေထုတ်ပြီး ရွှေဝယ်ထားမယ်ဆိုတာမျိုး အိမ်ခြံမြေ၊ ကားဝယ်ထားမယ်ဆိုတာမျိုး ဘယ်ဈေးကွက်မှ မတည်ငြိမ်ဘူး။ ဘယ်ဈေးကွက်ကမှ ဘာဈေးဖြစ်မယ်လို့ မပြောနိုင်ဘူး။ အရာအားလုံးက ဘဏ်တွေမှာ ငွေထုတ်တယ်လို့ သတင်းလည်း မကြားရဘူး။ ဒါပေမယ့် လူတွေကတော့ ငွေပေါ်မှာတော့ ယုံကြည်မှုအားနည်းနေတာတော့ အမှန်ပဲ။ အဲဒီသဘောတော့ ရှိတယ်လို့ ထင်ပါတယ်။

၂။ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဂယက်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ။

နှစ်သောင်းတန်ထုတ်လိုက်တာက အစိုးရက သူ့ရဲ့ဘဏ္ဍာရေးအကျပ်အတည်းအတွက် ဆောင်ရွက်ခဲ့တာလို့ မြင်တယ်။ အစဉ်အလာအရလည်း ဒီလိုပဲလုပ်ခဲ့တာရှိတယ်ပေါ့။ ပြန်ကြည့်မယ်ဆိုရင် လက်ရှိမှာ ငွေစက္ကူ အကြီးကြီးတွေပေါ့။ တစ်သောင်းတန်၊ ငါးထောင်တန် ဒါတွေက ပြည်သူ့အစိုးရလက်ထက်မှာ ထုတ်တာမဟုတ် ပဲ အာဏာရှင်အစိုးရလက်ထက်မှာ ထုတ်ဝေခဲ့တာပေါ့။ ထုတ်ဝေခဲ့တာဆိုတော့ သူတို့တွေက လက်ရှိနှစ်သောင်းတန် ထုတ်တော့လည်း ဒီပေါ်မှာ လူတွေက လည်ပတ်နေတာက တစ်သောင်းတန်ပေါ့။

နှစ်သောင်းတန်ထွက်လာရင် လက်ရှိလည်ပတ်နေတဲ့ငွေက ဒီလောက်ပဲဖြစ်တဲ့အတွက် လက်ရှိငွေဖောင်းပွမှုက နှစ်ဆတက်သွားမယ်။ သာမန်အားဖြင့် အဲဒီလိုတွက်ကြတယ်။ ကိုယ့်လက်ထဲက ငွေကတဝက်လျော့သွားမယ်ပေါ့ အဲဒီလိုစဉ်းစားကြတာရှိတယ်။ အဲဒီအပေါ်မှာ ယုံကြည်မှုအားနည်းမှုဖြစ်တယ်။ အားနည်းမှုက လုပ်ငန်း ကြီးလား၊ ပွဲရုံလား၊ ပို့ကုန်သွင်းကုန်လား အဲဒီလိုရှိတော့ ပို့ကုန်ဆိုတာလည်း ဈေးက ကမောက်ကမဖြစ်တော့ မူလတွက်ချက်တာနဲ့ မကိုက်ဘူးပေါ့။ နဂိုတည်းက ပို့ကုန်က တော်တော်လေး အဆင်မပြေဘူးလေ။ ဒေါ်လာ ရှားပါးမှုပို့ကုန်ပေါ် သတ်မှတ်ချက်တွေများတယ်။ သူတို့ပြောသလို လုပ်လို့မရတဲ့အချိန်မှာ ပို့ကုန်လုပ်ငန်းက ရပ်ဆိုင်းတဲ့အချိန်ပေါ့လေ။

ပို့ကုန်အတွက် ပစ္စည်းဝယ်ယူမှုမှာ ဈေးကွက်ကမောက်ကမဖြစ်သွားတယ်။ ဈေးသတ်မှတ်က မူလဈေးနဲ့ ဆိုတော့ အခုပြောင်းလဲတဲ့ဒီဈေးနဲ့ ရောင်းလို့ရမလား ပြဿနာပါ။ အဲဒီလိုမျိုး ကိုက်ပါ့မလား၊ ဒေါ်လာဈေးက တက်နေတော့ တက်ဦးမယ်ဆို မကိုက်တော့ဘူးစသဖြင့်ပေါ့ ။ငွေကြေးအပေါ် ယုံကြည်မှုကျဆင်းသွားလို့ လုပ်ငန်းအကြီးရော အသေးရော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကနေ ပွဲရုံကြီးအထိ ခရိုနီအထိသက်ရောက်မှု ဖြစ်သွားတယ်ပေါ့။

၃။ စစ်ကောင်စီလက်ထက် ဘဏ်လုပ်ငန်းတွေက ဘယ်လိုအခြေအနေတွေကို ဆက်လက်ရင်ဆိုင်နေရလဲ။ တဖက်မှာလည်း ပြည်သူတွေက ယုံကြည်မှုကျဆင်းတာတွေ ရှိနေတော့ ရေရှည်ဘဏ်တွေရဲ့ အလားအလာအပေါ် သုံးသပ်ပေးပါဦး။

ဒီအစိုးရတက်လာတည်းက မြန်မာပြည်မှာက ဘဏ်လုပ်ငန်းရဲ့ထူးခြားချက်တွေ အများကြီးရှိတယ်။ ပြင်ပက စီးပွားရေးပညာရှင်တွေ သုံးသပ်တာက မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းကို နားလည်ဖို့ ခက်တာရှိတယ်။ မြန်မာပြည်မှာ ဘဏ်လုပ်ငန်းက ဖြစ်ပေါ်လာတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းကလည်း သိပ်မကြာသေးဘူး။ စောစောတုန်းက ဖဆပလခေတ်မှာ ပြည်သူပိုင်သိမ်းတယ်။ နောက်ပိုင်း၈၈ဒီဘက် ၉၁လောက်မှာ ပုဂ္ဂလိကဘဏ်တွေကို ပြန်ခွင့်ပြုလို့ ပြန်ပေါ်လာတယ်။ ပေါ်လာပေမယ့် တိုင်းပြည်အနေနဲ့ဆို နည်းနေသေးတယ်။ ၈၈ဒီဘက်ပိုင်းမှာ ဖွံ့ဖြိုးလာတော့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ္ဍာရေးပိုင်းထောက်ပံ့မှု လိုအပ်လာတယ်။

အစိုးရဘဏ်တွေကလည်း ငွေချေးတယ်။ ဘဏ်လုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်တယ်။ ဒါပေမယ့် အမှန်တိုင်း ပြောရရင် ပြည်တွင်းရဲဘဏ္ဍာရေးလိုအပ်ချက်ထက်စာရင် ဘဏ်တွေရဲ့ဖြည့်ဆည်းပေးနိုင်မှုက နည်းနေခဲ့တယ်။ ငွေတွေတအားထုတ်တော့ ဘဏ်တွေက ငွေပြန်ပေးနိုင်မှု အားနည်းနေတဲ့ကာလပေါ့။ သူများထက်ထူးခြား ချက်ပြဿနာက ဘဏ်တွေက လုံးဝပျက်ကျသွားတာမဟုတ်ဘဲ ဘဏ်တွေရဲ့ချေးထားတဲ့ ငွေတွေက အလွတ် သဘောချေးထားတာမဟုတ်လို့ အိမ်ခြံမြေနဲ့ချေးထားတာဖြစ်လို့ ဘဏ်တွေကခိုင်မာနေတယ်။ လူတွေက ဘဏ်တွေပျက်နိုင်တယ်။ ငွေတွေထုတ်ကြတာ။ ဒါမြန်မာပြည်မှာ မကြာခဏဖြစ်တယ်။

ဘာလို့လဲဆိုတော့ မြန်မာပြည်မှာက ဘဏ်မဟုတ်တဲ့ အကျိုးဆောင်လုပ်ငန်းတွေက ဘဏ်ဆိုတဲ့နာမည်နဲ့ ငွေချေးခဲ့တာရှိတယ်။ အဲဒီလုပ်ငန်းတွေပျက်သွားတော့ တော်တော်လေးဆုံးသွားတယ်။ လူတွေက ဘဏ်တွေ အပေါ် အယုံအကြည်မရှိဘူးပေါ့။ တကယ်တမ်းကျတော့ မြန်မာပြည်ရဲ့ဘဏ်တွေက အကြောင်းအမျိုးမျိုး ကြောင့် ပျက်သွားတဲ့ဘဏ်တွေရှိတယ်။ အာရှဓန၊ မေဖလားဝါးတို့လို ပျက်သွားတဲ့ဘဏ်တွေလည်းရှိတယ်။

သာမန်အားဖြင့် ချေးငွေက ပြန်တောင်းဖို့လွယ်တဲ့အတွက် ငွေအပ်ထားတဲ့သူတွေကျဆုံးလေ့မရှိဘူး။ လူတွေက အဲဒါကို သိပ်မသိကြဘူး။ အကျိုးဆောင်ကုမ္ပဏီကို ဘဏ်လို့ယူမှတ်ထားတဲ့အတွက် ဘဏ်ကပျက်တတ်တယ်။ ငွေဆုံးတတ်တယ်ဆိုပြီး ဘဏ်တွေအပေါ် ယုံကြည်မှုအားနည်းနေတယ်။ အစိုးရမဟုတ်သော အစိုးရ အာဏာ ရှင်ပေါ့။ ဒီကောင်တက်လာတဲ့အခါကျတော့ သူကဒီသပိတ်မှောက်တာကြောင့်လည်း ပါတယ်။ ငွေကြေးလည် ပတ်မှု အားနည်းသွားတဲ့အခါမှာ ဘဏ်တွေ ရပ်ဆိုင်းသွားတယ်။ ရပ်ဆိုင်းသွားတဲ့အခါမှာ လိုအပ်တဲ့ငွေက ထုတ်လို့မရဘူးဆိုတဲ့ ရှုထောင့်ကနေ ဘဏ်တွေအပေါ်မှာ လူတွေ ယုံကြည်မှုက ကျဆင်းသွားတယ်ပေါ့။

ဘဏ်တွေအတွက် မကောင်းတဲ့ လက္ခဏာပေါ့။ ဒီဘက်မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းကလည်း ကျဆင်းသွား တယ်။ ကျဆင်းသွားတဲ့အခါ ဘဏ်တွေရဲ့ ဝင်ငွေကလည်းကျဆင်းသွားတယ်။ ဘဏ်တွေရဲ့ လိုအပ်ချက်က ရှိတဲ့ ဈေးကွက်ထက် ဘဏ်လုပ်ငန်းက အများကြီးပိုနေတာမဟုတ်တော့ သူ့ဟာသူ လည်ပတ်နေတာပေါ့။ လက်ရှိအချိန်မှာ ဘဏ်တွေအများကြီးထိခိုက်ပြီး ပျက်သွားမလား၊ အဲဒီလောက်မဖြစ်လောက်ဘူး။ ဘဏ်ကို ယုံကြည်မှုမဖြစ်မချင်း မဖြစ်လောက်ဘူး။

 ၄။ စစ်ကောင်စီဟာ ဒီနောက်ပိုင်း ဘဏ်တွေကို ငွေတိုက်စာချုပ် ထုတ်ရောင်းတာတွေ ခပ်စိပ်စိပ်လုပ်ဆောင် လာတာ တွေ့ရပါတယ်။ ဒီအခြေအနေက ဘယ်လို အကျိုးဆက်တွေ ဖြစ်သွားနိုင်လဲ။

အမှန်က ငွေတိုက်စာချုပ်က ဒီအစိုးရလက်ထက်မှ တီထွင်ပြီးလုပ်တာတော့ မဟုတ်ဘူး။ အရင်အစိုးရတွေ လက်ထက်တည်းက ရှိခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ လွှတ်တော်က ဗဟိုဘဏ်က အစိုးရရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရတဲ့ အလေ့အထပေါ့။ အစိုးရကငွေလိုလိုက်၊ ဗဟိုဘဏ်က ငွေချေးလိုက်ဆိုတော ငွေဖောင်းပွမှုကို ပိုကြီးစေတဲ့အတွက် ဒီဟာကိုအစားထိုးဖို့ ငွေတိုက်စာချုပ်တွေကို ပြည်သူတွေကို လက်ရှိဈေးကွက်ရဲ့ အတိုးနှုန်းနဲ့ ရောင်းချပေးသင့်တယ်လို့ လွှတ်တော်က အကြံပေးခဲ့တာ ရှိတယ်။ ပြည်သူ့အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘဏ်တွေမှာက ဘဏ်ရဲ့ ငွေဖြည့် လွယ်မှုအချိုးပေါ့။ ဘဏ်မှာက အများပိုက်ဆံနဲ့ ပြန်ချေးတာမို့ ငွေကပြန်ဖြစ်လွယ်တယ်။ ငွေဖြစ်လွယ်မှု အချိုး ပေါ့။ ဘဏ်ကသူ့ဆီမှာ မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ များနေတယ်ဆိုရင် ငွေဖြစ်လွယ်မှုကျတယ်ပေါ့။ တ ကယ်တော့ သူ့မှာပြောင်းလွယ်ပြင်လွယ်၊ ငွေဖြစ်လွယ်တာ ပစ္စည်းတွေရှိနေမယ်ဆိုရင် ကောင်းတယ်ပေါ့။

ငွေတိုက်လက်မှတ်ဆိုတာက တနှစ်အတွင်းမှာ အစိုးရကဘဏ်ကဝယ်ထားတယ်ဆိုရင် တစ်နှစ်အတွင်းမှာ ပိုက်ဆံပြန်ရမယ်။ ဒါက ငွေဖြစ်လွယ်တယ်ပေါ့။ ဘဏ်တွေအတွက် ဘဏ္ဍာရေးညှိနှိုင်းဆောင်ရွက်ဖို့ နည်း လမ်းတစ်ခုအနေနဲ့သုံးဖို့ ဘဏ်တွေကို အစိုးရက ရောင်းခိုင်းတာပေါ့။ ဘဏ်တွေကို အတင်းလည်း မဝယ်ခိုင်း ဘူး။ ဘဏ်တွေကဆုံး ဖြတ်ချက်နဲ့ ဝယ်ရမှာပေါ့။ အခုကျ အဲဒီလိုမဟုတ်ပဲ အစိုးရက ဘဏ္ဍာရေးအခက်အခဲကို အသုံးချဖို့ ရောင်းတဲ့အခါမှာ အရင်ကထက် နှစ်ဆ၊ သုံးဆလောက်များနေတာပေါ့။ အရင်တုန်းက ကာလတွေနဲ့ ပြန်ပြီးယှဉ်ကြည့်ရင် ၁၀ဘီလီယံအကျော် ၂၀ဘီလီယံတွေဖြစ်နေတာပေါ့။ ဒီအပေါ်မှာ ရည်ရွယ်ချက်လည်း မတူဘူး။ လုပ်ပုံကိုင်ပုံလည်း မတူဘူး။ ပြည်သူအပ်နှံငွေများကို အစိုးရက တဖက်လှည်နဲ့လုပ်နေတဲ့ပုံ ပေါက်နေ တာပေါ့။ ရောင်းချတဲ့နှုန်းက သိပ်များနေတော့ ဘဏ်တွေ လုပ်ငန်းရှင်တွေ မဖြစ်မနေဝယ်ဖို့ ဖိအားပေးပုံပေါက် တယ်။ အဲဒါ ပြဿနာဖြစ်နေတာပေါ့။

တကယ်တမ်းတော့ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တို့က လုံးလုံးဆုံးသွားတာ မဟုတ်ဘူး။ ချေးသုံးတာ ဖြစ်တဲ့အတွက် အစိုးရက ဘဏ်တွေကနေ ရောင်းထားတဲ့ဟာကို အစိုးရက ယူထားတော့ အ ချိန်တန်ရင်သက် တမ်းစေ့ရင် ပိုက်ဆံကပြန်ရမှာပဲ။ အတိုးနဲ့အတူ အရင်းပြန်ရမယ်။ ဒါပေမယ့် သူရောင်းတဲ့နှုန်းက များလွန်းတဲ့အ ခါကျတော့ အစိုးရကပြည်သူ့ဆီကနေ၊ ဘဏ်တွေဆီကနေ ငွေတွေချေးသုံးတာ တအားများတယ်ဆို ရှုထောင့် က ကြည့်ရင်မှန်တယ်ပေါ့။ ဒါပေမယ့် ဒီပိုက်ဆံက လုံးလုံးဆုံးသွားတာ မဟုတ်ဘူး။ အစိုးရက ငွေအကျပ်အ တည်း ဖြစ်နေတဲ့အချိန် ရပေါက်ရလမ်းရှိတာမှန်သမျှကို အကုန်လုံးလိုက်ရှာလုပ်တယ်။ ကျွန်တော်က ပြည် သူကို အမှန်အတိုင်းသိစေချင်တယ်ပေါ့။ ဒီပိုက်ဆံက ကိုယ့်ပိုက်ဆံတွေ ပါနေတယ်။ ဘဏ်အပ်ငွေက ကိုယ့် ပိုက်ဆံပါနေတော့ ဒီအပေါ်မှာ စိုးရိမ်ပြီးတော့ ဘဏ်တွေကို ယုံကြည်မှုမဲ့တာမျိုးလည်း ဖြစ်မှာစိုးတယ်။ ဖြစ် လာမယ့် အကျိုးဆက်တွေက တိုင်းပြည်အတွက် မကောင်းဘူး။ တဖက်မှာတော့ ဒီဟာက အတိုင်းအတာ တစ်ခု သူ့ရဲ့ငွေတိုက်လက်မှတ်ကို တစ်နှစ်အတွင်းပေါ့ ၃၊ ၄နှစ်အတွင်းပေါ့ သူသတ်မှတ်ထားတဲ့ အချိန်မှာ ပိုက်ဆံပြန်ရမယ်။ ဒါပေမယ့် ဒီကာလမှာတော့ သူက အဟောင်းပေးအသစ်ယူနဲ့ ငွေကိုလှည့်သုံးနေမှာတော့ သေချာတယ်ပေါ့။

၅။ နောက်ဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်တဲ့ နွေဦးဘဏ်အပေါ် ဘယ်လိုမြင်လဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဒါကဘဏ္ဍာရေးလိုအပ်ချက်ကို NUG ကဖြည့်ဆည်းတဲ့သဘောနဲ့ အချိန်ကိုက်ဆောင်ရွက်တာ မှန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဘက်မှာ အခက်အခဲတွေက အများကြီးရှိတယ်ပေါ့။ ဘဏ်တစ်ခု တည်ထောင်တယ် ဆိုတာ မလွယ်ဘူး။ ကျွန်တော်တို့က ဗဟိုဘဏ်ကို စတင်တည်ထောင်တာ မကြာသေးဘူး။ မကြာသေးပဲနဲ့ ဒီအောက်မှာ ကျွန်တော်တို့က ဒါကအစိုးရပိုင်ဘဏ်လို့ပဲ ယူဆပါတယ်။ နောက်ပိုင်းတော့ အများပိုင်ဘဏ်လို့ ပြောင်းလဲရင်လည်း ပြောင်းလဲမှာပေါ့။ လောလောဆယ်တော့ အစိုးရကထိန်းကွပ်စီမံတဲ့ဘဏ်ပေါ့။ လောလော ဆယ်မှာတော့ ပိုင်းလော့ပရောဂျက်အနေနဲ့ အကောင့်တစ်ထောင်လောက်လက်ခံပြီး စမယ်ပေါ့။ နောက်ပိုင်းမှာ ဒီဟာအဆင်ပြေတယ်ဆိုရင် တိုးချဲ့လက်ခံပြီး အွန်လိုင်းဘဏ်စနစ်ပေါ့။ အွန်လိုင်းဘဏ်စနစ်လည်း အားသာ ချက်တွေ များစွာရှိပါတယ်။

သမာရိုးကျဘဏ်တွေ အားသာချက်လည်းရှိတယ်။ လက်ရှိအစိုးရနဲ့ ပိုကိုက်တဲ့ဟာပေါ့။ ဒါပေမယ့် လုပ်လေ့ လုပ်ထ မရှိတဲ့ဟာမျိုးမို့ စနစ်တကျနဲ့ လက်ရှိမှာ ပထမခြေလှမ်းအနေနဲ့ အကောင့်တစ်ထောင်ကို လက်ခံစလုပ် တယ်ပေါ့။ ဘာလို့လဲဆိုတော့ အများပြည်သူ အားကိုးရာ ဘဏ္ဍာရေးအဆောက်အအုံ တစ်ခုဖြစ်ဖို့ လုပ်ရမှာ ဖြစ်တဲ့အတွက် သေချာတဲ့ဘဏ္ဍာရေးယန္တရား ဖြစ်ဖို့ တိကျစွာပြင်ဆင်ဖို့ လိုတာပေါ့။ နိုင်ငံတကာက ပညာရှင် တွေနဲ့ ကျွန်တော်ထင်ပါတယ်။ ဒါကိုစနစ်တကျဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က စိတ်ဝင်တ စား စောင့်ကြည့်နေပါတယ်။ သေချာတာကတော ပြည်သူမျှော်လင့်သလောက် တအားကြီး့ မြန်မြန်ဆန်ဆန် ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်။ ဒါက စနစ်တကျပြင်ဆင်ရတာ ဖြစ်တဲ့အတွက် ခြေလှမ်းမှန်မှန်လှမ်းပြီး ပြည်သူတွေ မျှော်လင့်ထားတဲ့ ဘဏ္ဍာရေးကွက်လပ်ကို ဖြည့်ပေးနိုင်ပြီး စစ်ကောင်စီကိုလည်း ဘဏ္ဍာရေးအရ ထိုးနှက်နိုင် မယ့် ဘဏ္ဍာရေး စစ်မျက်နှာကောင်းဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.