မော်လမြိုင် – ဩဂုတ်(၁)
မတရားဖမ်းဆီးအကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ် ပေးဖို့ အမျိုးသားညီညွတ်အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးလိုက်ပါတယ်။
စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေထဲက အမှုတချို့ကို လွတ်ငြိမ်း သက်သာခွင့်ပေးတယ်လို့ ကြေညာပြီးနောက် ယာယီသမ္မတက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေသားပြောဆိုခဲ့ပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့နဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် တာဝန်ခံရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဒီနေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ ကျရောက်တဲ့ ဓမ္မစကြာနေ့အထိမ်းအမှတ်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ မှုနဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်အပေါ် ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၂ မှုအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တာပါ။
စစ်ကောင်စီ ပြစ်ဒဏ်လျော့ပေါ့မှုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားစွပ်စွဲချက်တွေနဲ့ ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ ထောင်ဒဏ် ၄ နှစ်၊ နှစ်ဦးပေါင်း ထောင်ဒဏ် ၁၀ နှစ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကို ပြစ်ဒဏ်က လျော့ပေါ့ပေးခဲ့တဲ့အပြင် နိုင်ငံအနှံ့မှာဖမ်းဆီးခံထားရတဲ့ အကျဉ်းသား (၇၇၄၉) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကိုလည်း ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG