နေပြည်တော် – ဩဂုတ်(၁)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မတရားစွဲဆိုပြီးထောင်ဒဏ်ချမှတ်ထားတဲ့ အမှုတွေထဲက အမှုတချို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခေါင်းဆောင်နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁-ပုဒ်မခွဲ(၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ စစ်တပ်ပိုင် မြဝတီမီဒီယာကနေ ကြေညာခဲ့တာပါ။

နိုင်ငံတော်သမ္မတအပေါ်စွဲဆိုထားတဲ့ အမှု(၂)မှုကို လွတ်ငြိမ်းခွင့်ပေးခဲ့သလို နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ကိုစွဲဆိုထားတဲ့ အမှုတွေထဲက အမှု(၅) မှုကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

လွတ်ငြိမ်းခွင့်မပေးခင်အထိ သမ္မတဦးဝင်းမြင့်ဟာ အမှု(၈)မှုနဲ့ ထောင်ဒဏ်(၁၂) နှစ်ချမှတ်ခံထားရတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှု(၁၉) မှုအတွက် ထောင်ဒဏ်(၃၃) နှစ်ချမှတ်ခံ ထားရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့အခုလွတ်ငြိမ်းခွင့်ပေးပြီးချိန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထောင်ဒဏ် (၃၃) နှစ်ကနေ (၆) နှစ်လျော့ပေါ့သွားမှာဖြစ်သလို နိုင်ငံတော်သမ္မတရဲ့ ထောင်ဒဏ်(၁၂) နှစ်က နေ(၄) နှစ်လျော့သွားမှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခေါင်းဆောင်နှစ်ဦးကို ပြစ်ဒဏ်က လျော့ပေါ့ပေးခဲ့တဲ့အပြင် နိုင်ငံအနှံ့မှာဖမ်းဆီးခံထားရတဲ့ အကျဉ်းသား (၇၇၄၉) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ဆိုထားသလို သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ SSPP အဖွဲ့ဝင် (၁၅) ဦးအပါအဝင် ဆက်စပ်သူ(၇၂) ဦးကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား (၂)သောင်းကျော်ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ထောင်တွင်းလူ့အခွင့်အရေချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Getty Images

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.