ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေတဲ့ထဲက နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ထပ်မံသေဆုံးသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ အခုဖြစ်စဉ်အပေါ် ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေအနေနဲ့ မြန်မာအာဏာလု စစ်တပ်ရဲ့ တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုတွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ် ပြီး ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်းဆောင်ရွက်ကြဖို့ AAPP က တိုက်တွန်းထားပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့ အခြေအနေ၊ ထောင်ပြောင်းစဉ် ထွက်ပြေးလို့ ပစ်သတ်ခံရတယ်လို့ စစ်ကောင်စီရဲ့ ပြောဆိုမှု၊ AAPP ရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး အခုလို နိုင်ငံရေးအကျဉ်းသားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့အပေါ်မှာ AAPP အနေနဲ့ ဘာတွေ ပြောချင်တာ ရှိမလဲ။

နိုငငံရေးအကျဉ်းသားတွေကို အပြင်ခေါ်ထုတ်ပြီး သတ်နေတဲ့ကိစ္စက ကျွန်တော်အမြင်ပြောရရင် သူတို့ရှုံးမဲမဲ နေတယ်လို့ပဲ ပြောရမှာပေါ့။ သူတို့ဘက်ပေါင်းစုံမှာ ကျဆုံးခန်းရောက်နေပြီ။ ရောက်နေတာကို လက်မခံပဲ သူတို့လက်ခုပ်ထဲမှာရှိနေတဲ့ အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မတရားသတ် ဖြတ်တာတွေကလုပ်လာတာ ဖြစ်တယ်။ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေပဲလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

၂။ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ပြောင်းစဉ် ထွက်ပြေးလို့ ခြောက်လှန့်ပစ်ခတ်ရာကနေ သေဆုံးသွားတယ်လို့ ပြောတယ်၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

အခုပြောင်းနေတာက ဘယ်လိုပြောင်းနေလဲ မသိတော့ဘူး။ အရင်တုန်းက အချုပ်ကားတွေနဲ့ ပြောင်းတယ်။ ရထားနဲ့ပြောင်းတာရှိတယ်။ နောက်ကားအကြီးတွေပေါ့ ။ ဒါမျိုးတွေနဲ့ ပြောင်းတယ်။ ဒီဘက်မှာ ခရီးသည်တင် ယာဉ်တွေလိုမျိုးနဲ့ ပြောင်းတာမျိုးတွေလည်း ရှိလာတယ်ပေါ့။ အခုဒီလိုပြောင်းတဲ့ဖြစ်စဉ်က ဘာနဲ့ပြောင်းလဲ မသိဘူး။ ကားမှောက်တယ်ဆိုတဲ့ အကြောင်းပြချက်က ဟုတ်မနေဘူး။ အပြင်ခေါ်ထုတ်ပြီး အပြင်မှာ သတ် လိုက်တယ်လို့ပဲ ပြောရမှာပေါ့။

၃။ နောက်တစ်ခုက ထောင်ပြောင်းတဲ့ ပုံစံက ဘယ်လိုရှိနေလဲ။အဲဒီဖြစ်စဉ်တွေမှာဆိုရင် ဘယ်သူတွေပါသလဲ။

ထောင်ပြောင်းတယ်ဆို ခြေကျင်းခတ်တယ်။ လုံခြုံရေးက အကျဉ်းထောင်ဘက်ကလည်း ပါတယ်။

အရင်ကတော့ ရဲတပ်ရင်းပေါ့။ လုံထိန်းတွေနဲ့ လုံခြုံရေးယူပြီး ပြောင်းတာပေါ့။ အကျဉ်းထောင်ပြောင်းရင် ဒီလို မျိုးပြောင်းတာ အခုဟာကထောင်ထဲကနေ စစ်တပ်က လာလာခေါ်ထုတ်သွားတာမျိုးတွေ ကြားနေရတယ်။

၄။ နောက်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့အပေါ်မှာ AAPP အနေနဲ့ ဘာတွေ များ တုံ့ပြန်ချင်တာ ရှိမလဲ။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မတရားညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ နှိပ်စက်ခံရတဲ့ သူတွေရဲ့ ပေးဆပ်မှုက အလကား သက်သက် မဖြစ်စေရပါဘူး။ ပြည်သူတွေအတွက် တရားမျှတမှုကို သေချာပေါက်ရအောင် ကြိုးစားပြီးတော့ ဝိုင်းရှာကြမယ်။ ဒီကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်သူတွေ ဒီဖြစ်စဉ်တွေမှာ အမိန့်ပေးစေခိုင်းသူတွေ အားလုံးက တချိန်မှာ ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေကို သေချာပေါက်ခံရမယ်ဆိုတာ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.