ကျောက်တံခါး၊ ဇူလိုင်(၂၁)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင် စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။

ကျောက်တံခါးမြို့အရှေ့ဘက်ခြမ်းရှိ နံဇကျေးရွာထဲကို ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၅ နာရီဝန်း ကျင်လောက်မှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၄၊ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇၊ ဖြူးအခြေစိုက် ခမရ ၃၀၈ တပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ဖုန်းတွေကို သိမ်းယူသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီတပ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြောင်း ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းဖို့အတွက် ပြည်သူတွေအနေနဲ့ အတူတကွ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

မြေပြင်မှာရှိတဲ့ တော်လှန်ရေအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ ကျောက်တံခါးမြို့နယ် နံဇရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့တယ်လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးအတွက် တပ်အင်အားတိုးချဲ့တာ၊ အရပ်သားတွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာ၊ နေအိမ်မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာနေပြီး နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၇ ရွာက ဒေသခံပြည်သူ ၄၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.