ပေါင်၊ ဇူလိုင် (၁၈)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ ဇူလိုင် ၁၈ ရက်နေ့ နေ့လည်ပိုင်းက တောင်ကျရေစီးနဲ့မျောပါသွားတဲ့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးအရှိန်ကောင်းနေချိန် ဥတ္တံတားကျေးရွာ ဘီလူးမကျောင်းအနီး ချောင်းထဲမှာ ထင်းလိုက်ကောက်နေတဲ့ ဒေသခံကိုဇော်လတ်ဆိုသူဟာ ရေစီးနဲ့အတူ မျောပါသွားခဲ့တာပါ။
“ချောင်းရေကျချိန် တောင်ပေါ်က ထင်းအတိုအစတွေက ပါတတ်တော့ ဒေသခံတွေက ဒီလိုပဲဆယ် ယူနေကြ၊ အခုသူကလည်း ထင်းဆယ်နေရင်းကနေ ရေးစီးအားကောင်းတော့ လူပါမျောပါသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေစီးနဲ့မျောပါသွားတဲ့ ကိုဇော်လတ်ကို ပြန်ရှာတွေဖို့ ဒေသခံတွေက ချောင်းအတိုင်း လိုက်လံရှာဖွေပေမယ့် ည ၇ နာရီကျော်တဲ့အထိ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်တဝန်းမှာ ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့နယ်အများစုမှာ ရေကြီးရေလျှံတာနဲ့ လမ်းရေကျော်မှုတွေ ဖြစ်ပွားနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓါတ်ပုံ – CJ