မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရန်ကုန်တိုင်းအတွင်း လူငယ်များ မူးယစ်ဆေးသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဆိုတဲ့” အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို, MYANMAR Hard talk ဖေ့ဘုတ်ပေ့ချ်ကနေ ဇူလိုင်လ( ၂ )ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ ဇူလိုင်လ ၃ရက်၊ လုံခြုံရေးတင်းကြပ်ထားသော ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်တွေမှာ ဖြန့်ဝေအသုံးပြုကာ စစ်တပ်ထောက်ခံသူတွေက သတင်းအမှားများနဲ့ လိုရာစွဲရေးသားဖြန့်ဝေနေခြင်းဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၂ ရက်ကနေ ၃ ရက်နေ့အထိ နှစ်ရက်အတွင်း အာဏာရှင်ဆန့်ကျင်ရေး စာသားချိတ်ဆွဲတဲ့ လူငယ်နှစ်ဦးအပါအဝင် စုစုပေါင်း ခုနစ်ဦး ဖမ်း ဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာမြို့ခံတွေကို မေးမြန်းကာ RFA သတင်းဌာနက ဖော်ထုတ်ရေး သားထားတာကို စိစစ်တွေ့ရှိပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၁ ရပ်ကွက် အ.လ.က (၉) စာသင်ကျောင်းတံခါးမှာ “ကျောင်း သားထုသွေးနှင့် ရေးသော ၇-၇ ၆၂ မမေ့ကြနဲ့” စာသားပါ ဆိုင်းဘုတ်ကို ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းမှာ လူငယ်တချို့က လာရောက်ချိတ်ဆွဲစဉ် အာဏာပိုင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့လို့ လူငယ်နှစ်ဦး အဖမ်းခံခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြထားတာကို စိစစ်တွေ့ရှိပါတယ်။
နောက်တစ်ရက်မှာလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက် မြတ်လေးလမ်းက အဆောင်တစ်ခုမှာ နောက်ထပ် အမျိုးသားလူငယ်ငါးဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ စိစစ်တွေ့ရှိပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူများ၊ လူငယ်တော်လှန်ရေးသမားများကို ဖမ်း ဆီးပြီး အချုပ်ခန်းအတွင်းက ဓာတ်ပုံမှတ်တမ်းများရိုက်ယူကာ ခိုးဆိုးလုယက်သူများ။ မူးယစ်ဆေးသုံးစွဲသူများသဖွယ် သတင်းအမှားများရေးပြီး လူမှုကွန်ရက်ပေါ်ဖြန့်ဝေနေခြင်းသာ ဖြစ်တာကို စိစစ်တွေ့ရှိပါတယ်။
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ရန်ကုန်တိုင်းအတွင်း လူငယ်များမူးယစ်ဆေးသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်