နေပြည်တော် – ဇူလိုင်(၇)

နေပြည်တော်မှာ စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ နှစ်ရက်တာ ဆွေးနွေးပွဲမှာ စစ်ကောင်စီ တင်ပြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က လက်မှတ်ရေးထိုးခဲ့တာမရှိဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၅) ရက်နဲ့ (၆) ရက်နေ့တွေမှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ တွေ့ဆုံခဲ့တာပါ။

ပထမရက်ဆွေးနွေးမှုမှာတော့ အရင်ဆွေးနွေးပွဲက ရရှိထားတဲ့ သဘောတူညီချက်တွေနဲ့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီရဲ့ သဘောထားတွေကို အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဒုတိယရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပမယ့် ရည်ရွယ်ချက်နဲ့ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် အရင်ဆွေးနွေးပွဲက ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ပြန်လည်စုစည်းပြီး သဘောတူညီချက်တွေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမယ့် ဘယ်အချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတယ်ဆိုတာကိုတော့ နှစ်ဘက်လုံးက အသေးစိတ်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

စစ်ကောင်စီတင်ပြခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စရပ်အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ လက်မှတ်ရေးထိုးထားတာမရှိဘူးလို့ အမည်ဖော်ခွင့်မရတဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဆီက သိရတယ်ဆိုပြီး ကောင်းဝါသတင်းဌာန လူမှုကွန်ရက်စာမျက်နှာ က ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်လို့မရတော့တဲ့အတွက် မွန်ပြည်သစ်ပါတီ အနေနဲ့ NCA စာချုပ်မှာ လက်မှတ်မရေးထိုးခင်တည်းက အစိုးရနဲ့ သဘောတူညီထားတဲ့ Bilateral Agreement အတိုင်းဆက်လက်ရပ်တည်သွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ နှစ်ရက်တာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေအပါအဝင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေး တို့နှစ်ဦးကို လေးကြိမ်တိုင် ဖုန်းခေါ်ပေမယ့် လက်ခံဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

အဲဒီအခြေအနေကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးတာ မရှိတဲ့အပေါ် သီးခြားအတည်မပြုနိုင်သေးပါဘူး။

NCA စာချုပ်မှာ အပစ်ရပ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) မှာ အဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းကစပြီး PPST ကနေ နှုတ်ထွက်စာ တင်ထားတာပါ။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မတက်ရောက်ဖို့ မွန်လူမျိုးတွေဘက်က ကန့်ကွက်တာတွေရှိနေပေမယ့် မွန်ပြည်သစ်ပါတီကတော့ (၆) ကြိမ်အထိတက်ရောက် ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကာချုပ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.