မြိတ်၊ ဇူလိုင်(၆)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်အပြင် သြဇာခံပြည်သူ့စစ်အဖွဲ့ဝင် ၂၀ နီးပါး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီဂိတ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ပါ ဗုံးချတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒေသခံတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဂိတ်စခန်းကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း ၂ ၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကလည်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် လငု၊ တောင်ဘိန်းနဲ့ သကျက်တော ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.