ဘေဂျင်း၊ ဇူလိုင်(၇)
တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက်က မြို့တော်ဖြစ်တဲ့ချုံကင်းမှာ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီးနောက် ဆိုးရွားတဲ့ရာသီဥတုမှ အများလူထုကို ကာကွယ် နိုင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အားထုတ် မှုတွေကို ပြုလုပ်ဖို့ သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့ပါတယ်။
ဆိုးရွားပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး လတ်တလော သီတင်းပတ် အတွင်း သေစေနိုင်လောက်တဲ့ ရွှံ့မြေပြိုမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။
ချုံကင်းမြို့တော်အတွင်း ရေလွှမ်းမိုးမှုတွေဟာ လူနေအိမ်ထောင်ချီ၊ လမ်းတံတားတွေကို ပျက်စီးစေခဲ့ပြီး ရေတိုက်စားမှုနဲ့အတူ အိမ်တွေနဲ့ကားတွေလည်း မျောပါကုန်ပါတယ်။ လူ ၁၅ ဦး သေဆုံးခြင်းနဲ့အတူ ဇူလိုင်(၅)ရက် နံနက်အစောပိုင်းမှာ လူ ၄ ဦးပျောက်ဆုံးနေကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်မှုကြောင့် လူပေါင်း တစ်သိန်းသုံးသောင်းကျော်ရဲ့ လူနေမှုဘဝကို ပျက်စီးစေခဲ့ပြီး သီးနှံဟက်တာ ၇၅၀၀ ကျော် ပျက်စီးစေခဲ့တာပါ။
ချုံကင်းရဲ့အရှေ့မြောက်ဘက်ရှိ ဝန်ဇိုးခရိုင်အတွင်း ရေလွှမ်းမိုးမှုတွေမှာတော့ ယွမ်ငွေ ၂၂၇.၈ မီလီယမ် အထိ စီးပွားရေးအရ ဆုံးရှုံးမှုရှိကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာန CCTV က ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတရှီကတော့ အများပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေရဲ့ လုံခြုံမှုကို သေချာစေရေးဟာ အမြင့်ဆုံးဦးစားပေး အခြေအနေဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင် အသီးသီးကို ညွှန်ကြားထားပြီး ပြည်နယ် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်မှု ကယ်ဆယ် ရေး ဌာနချုပ်၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် ရေအရင်းအမြစ်များ ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပူးပေါင်း အစည်းအဝေးတွေ၊ သတိပေးချက်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အကြံ ပြုထားတာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အခြားသောဆက်စပ်ဝန်ကြီးဌာနတွေဟာ ချုံကင်းအတွက် ဘေးအန္တရာယ် ကယ်ဆယ် ရေးကိုဆောင်ရွက်ဖို့ အရေးပေါ်ရန်ပုံငွေအဖြစ် ယွမ် ၃၂၀မီလီယမ် သတ်မှတ်ကြေငြာခဲ့တာပါ။
တရုတ်နိုင်ငံပိုင် ရုပ်သံတင်းဌာန CCTV ရဲ့ သတင်းအစီရင်ခံမှုအရ ရေအရင်းအမြစ်များဆိုင်ရာ ဝန်ကြီးဌာန အ နေနဲ့လည်း ရေလွှမ်းမိုးမှုအရေးပေါ်အခြေအနေ တုံ့ပြန်မှုတွေအတွက် လုပ်ငန်းတွေ ဆောင်ရွက်နေတယ် လို့လည်း သိရပါတယ်။
လူအသေအပျောက်များခဲ့ပြီး ဆုံးရှုံးမှုကြီးမားခဲ့တဲ့ အဲဒီဧရိယာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ပြီးခဲ့တဲ့ အပတ်ကတည်းက ကြေညာပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
Ref: Reuters