ကော်သူးလေ၊ ဇူလိုင်(၆)
စစ်အာဏာရှင်နဲ့ အာဏာရှင်တွေကို ခုခံတော်လှန်နေကြတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်ရမှာဖြစ်ပြီး ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ ပြီးပြည်စုံစေဖို့အတွက် နိုင်ငံရေးသတိအစဉ်ရှိဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ကရင်ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ၊ သတ်ဖြတ်မှုတွေနဲ့ ဖျက်ဆီးမှုတွေကနေ ကာကွယ်နိုင်ဖို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ လွန်စွာအရေးကြီးတဲ့ တပ်မတော်ဖြစ်သလို လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေဟာ မိမိတို့နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ လုံးဝမတူဘဲ တမူထူးခြားနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး ရပ်ရွာတွေထဲ အမြောက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရပ်ရွာ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ အဲဒီသဝဏ်လွှာမှာ ပါရှိပါတယ်။
ဒါ့အပြင် ကရင်အမျိုးသား လက်နက်ကိုင် ခုခံတော်လှန်ရေးသမားတွေအနေနဲ့ မိမိကိုယ်မိမိ ကရင့်အမျိုးသားတွေအဖြစ် သိရှိနားလည်ထားကြပြီး ကရင့်အမျိုးသားတွေနဲ့ ပြည်သူလူထုကြီးရဲ့ ရန်သူတွေကို ခုခံတော်လှန်ကြရမယ်လို့ KNU ဥက္ကဌက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်အနေနဲ့ ကရင့်အမျိုးသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ကရင်အမျိုးသားတို့ရဲ့ နိုင်ငံရေးအပြင် ပြည်သူလူထုတရပ်လုံးကို ပိုမိုထိရောက်တဲ့ ခုခံကာကွယ်မှုတွေကို လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် အခြေအနေပေးအပ်လာတဲ့ အခွင့်အရေးတွေကိုအရယူပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုအပြင် မိမိတို့ရဲ့ အုပ်ချုပ်ရေးအပါအဝင် မိမိတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးစနစ်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထူထောင်ဖို့လိုအပ်သလို လက်ရှိအချိန်ကာလဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိခဲ့ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် အခွင့်ကောင်းတွေလည်း ရှိနေတယ်လို့ ပဒိုစောကွယ်ထူးက ပြောပါတယ်။
ပဒိုစောကွယ်ထူးဝင်းဟာ ပြီးခဲတဲ့မေလပိုင်းက ကျင်းပပြီးစီးခဲ့တဲ့ KNU ရဲ့ (၁၇)ကြိမ်မြောက် ဗဟိုညီ လာခံအပြီးမှာ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူတစ်ဦးလည်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU