ရေး၊ ဇူလိုင်(၅)
မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားပြည်သူ ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ကရင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ကရင်ကျေးရွာဘုန်းကြီးကျောင်းမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို ရက်ခြားဆိုသလို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ အသက် ၄၀ ကြား အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီးငယ်တွေဖြစ်ပြီး သူတို့တွေဟာ ဥယျာဉ်ခြံနဲ့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သာမန်ရွာသူ၊ ရွာသားတွေသာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားသူတချို့ကိုတော့ စစ်ကောင်စီတပ်က နှစ်ကရင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ကျန်ရွာသားတချို့ကို သံဖြူဇရပ်မြို့မရဲစခန်းသို့ ပို့ဆောင်ထားတာပါ။
အဲဒီထဲမှာကျေးရွာအတွင်း ဖမ်းခံထားရသူတွေကို မိသားစုဝင်တွေက ထမင်းဟင်းပို့ခွင့်ရပြီး လူချင်းတွေ့ခွင့်မရသလို ရဲစခန်းမှာ ဖမ်းဆီးခံရသူတွေက မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က နှစ်ကရင်ကျေးရွာထဲ တပ်စွဲနေထိုင်ပြီး ဒေသခံတွေကို ဖမ်းဆီးနေတာကြောင့် ဒေသခံတစ်ဝက်လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုဟာ ရေးမြို့ပေါ်နဲ့ မော်လမြိုင်သို့ ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က နှစ်ကရင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် ရဲ ၁ ဦးသေဆုံးပြီး စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Myo Thet