ဝင်းရေး၊ ဇူလိုင်(၅)
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်အကြောင်းမဲ့ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက ထုတ်ပြန်ပါတယ်။
KNU ဝင်းရေးမြို့နယ်ရှိ ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်၊ မြို့ဟောင်းနဲ့ ငြိမ်းချမ်းမြိုင်ကျေးရွာတွေဘက်ကို ပြီးခဲ့တဲ့ ဇွန်လ(၂၈)ရက်နေ့ကစပြီး မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၈)တပ်ရင်းက လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာတွေအနီးနားဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကိုပစ်မှတ်ထားပြီး ကျေးရွာအနီးနားဝန်းကျင်တွေကို လက်နက် ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်ခဲ့တဲ့အတွက် ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ဦးရေ(၁၀၀၀)ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။
ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲမှု ရှိလာနေသလို နေ့စဉ်မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် ဝင်းရော်ဒေသ အရေးပေါ် စစ်ရှောင်ကူညီရေးကော်မတီ(အောက်ပိုင်း)အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ထားပါတယ်။
KNU ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်စစ်ကြောင်းက ပြီးခဲ့တဲ့ရက်ပိုင်းထဲကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG